ဖားကန့်-ကာမိုင်းလမ်းပိုင်းကို KIA  ကပြန်ဖွင့်ပေးလိုက်ပြီလို့ဆို

မေ ၂၇ ၊ ကာမိုင်း

စစ်ရေးအရပိတ်ထားတဲ့ ဖားကန့်-ကာမိုင်းလမ်းပိုင်းကို တစ်လနီးပါးအကြာမှာ လမ်းပိုင်းကို ယာယီပြန်ဖွင့်ပေးလိုက်ကြောင်း KIA တပ်မဟာ ၉ က  မေလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းကစလို့ ရက်အကန့်အသတ်မရှိပိတ်ပင်ထားရာမှာ ဒီနေ့မှာ လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

KIA ရဲ့ထုတ်ပြန်ချက်အရ ကျောင်းဖွင့်ရာသီရောက်လာတာကြောင့် ကျောင်းအပ်နှံရေးနဲ့ သွားလာရေးအဆင်ပြေစေဖို့အတွက် လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးလိုက်တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ  စစ်ရေးလှုပ်ရှားမှုကြောင့် ဒီလမ်းပိုင်းကို KIA တပ်မဟာ( ၉)  ၊ တပ်ရင်း (၆) က ပိတ်ဖို့အတွက်ထုတ်ပြန်ခဲ့တာပါ။

လမ်းပိုင်းစတင်ပိတ်စဉ်က စစ်တပ်ရဲ့ ဖားကန့်မြို့ကိုချီတက်နေတဲ့ စစ်ကြောင်းကို တားဆီးဖို့အတွက်ရည်ရွယ်ထားပေမယ့် စစ်ကြောင်းဟာ တစ်ပတ်အကြာမှာ ဖားကန့်မြို့ကိုရောက်ရှိခဲ့ပါတယ်။

ဒီလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့က လမ်းပိတ်ထားမှုကိုအကြောင်းပြပြီးဖမ်းဆီးထားတဲ့  ခရီးသည်တင်ယာဉ်(၉)စီးနဲ့ ယာဉ်မောင်းများကိုလည်း မေလအစောပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ယာဉ်မောင်းနဲ့နီးစပ်သူများထံမှ သိရပါတယ်။

ဖားကန့်မြို့အနီးမှာ မတ်လကစလို့ စစ်တပ်ရဲ့ တပ်ရင်းစခန်းတွေနဲ့ ကာကင်းစခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်မှုတွေပြုလုပ်နေတာကြောင့် တိုက်ပွဲတွေဟာ  တစ်လကျော်ကြာ ဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *