နိုဝင်ဘာ ၂၅ ၊ ဖားကန့်
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအတွင်းကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ကျေးရွာတံတားအနီးတဝိုက်မှာပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ မနက်ကလည်း ပိန်းပိန်းပန်းပန်းနဲ့ ငါတို့အိမ်နားပဲ ဘာရယ်လည်းမဟုတ်ပါဘူး” လို့ ပစ်ခတ်မှုဖြစ်ပွားတဲ့ ဆိပ်မူတံတားနှစ်စီးအနီးနေထိုင်သူ တစ်ဦးကပြောပြပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဆိပ်မူကျေးရွာ တံတားနှစ်စင်းအနီးတဝိုက်ကလူတွေကို ရပ်တန့်ကာ ထိုင်ခိုင်းထားခဲ့သလို ကားဆိုင်ကယ်တွေကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုစစ်ဆေးမှုတွေကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့လူတချို့ကိုလည်း မြင်တွေ့ရပြီး ဘယ်သူတွေဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။
နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီက တံတားအနီးကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ယူမာကျေးရွာအနီးမှာ ကျရောက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ သူ့မိခင်တို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက မြို့နယ်အနှံ့ စစ်ကြောင်းတွေထိုးနေပြီး ပစ်ခတ်သံတွေလည်းနေ့တိုင်းကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် ကောင်ဆန် တောင်းကော့စတဲ့ကျေးရွာတွေဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေကြောင့် လူဦးရေး လေးရာကျော်ဟာ ဆိပ်မူကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ သိရပါတယ်။