ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဒဲယန်မှော်ပုံကျေးရွာရှိ ကုဋေဦး ကုန်စုံဆိုင်ကို စစ်ကောင်စီတပ်သား ၃၀ ခန့်က ဝင်ရောက်ပြီး ဆိုင်ရှင်ကို ဖမ်းဆီးသွားသလို ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လုံးခင်းဒေသခံတွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား (၃၀) ၊ အိမ်စီကား (၆) စီးနဲ့ လာရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
ဆိုင်ရှင်က အသက် ၆၀ နှစ်အရွယ် ဦးမြင့်ဆွေဖြစ်ပြီး ကုန်ပစ္စည်းရောင်းချတာ ၊ ငွေလွဲလုပ်ငန်းလုပ်ကိုင်မှုတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပြီး တခြားအဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုမရှိဘူးလို့လည်း လုံးခင်းဒေသခံ တစ်ဦးကပြောပြပါတယ်။
“ ဒီမနက် ကား(၆)စီးဖြင့် စကစများမှ လာရောက်ပြီး ဆန်ခါတွင်ကားများရပ်ထားတယ်။ မှော်ပုံဖက်ကူးပြီး ၅:၃၀ နာရီခန့် မှ သေနတ်သံများစွာ ကြားရပြီး လက်နက်ကြီး ကျဉ်ပေါက်ကွဲသံများပါကြားရတာကတော့ စကစ တွေက ရမ်းပြီးပစ်တာရယ်၊ထောင်စခန်းဖက်က လှမ်းထုပေးတာရယ် ဖြစ်ပြီး အခြားတဖက်က ပစ်သံများကတော့မရှိခဲ့ဘူး”လို့ သူကဆက်ပြောပြပါတယ်။
ညပိုင်း တစ်နာရီခန့်ကလည်း မှော်ပုံရွာဖက်က သေနတ်သံများ လက်နက်ငယ်သံ ၅ ချက်ခန့်ကြားရပြီးပြန်ငြိမ်သွားတယ် ဘယ်ကဘယ်ကိုပစ်တာလဲတော့မသိဘူး လို့ပြောပါတယ်။