နိုဝင်ဘာ ၁ ၊ ဖားကန့်
ဖားကန့်မြို့နယ်မှာ စက်သုံးဆီအမျိုးအစားတွေထဲက 92 နဲ့ 95 တွေဟာ တစ်ဂါလံ ကျပ်နှစ်သောင်းကနေ နှစ်သောင်းခွဲအထိမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုက တစ်ပတ်နီးပါးရှိလာနေပြီး ပြတ်လပ်မှုတွေနဲ့လည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အခုငါတို့တောင် ကားတောင်ဆီမရှိလို့မမောင်းရဘူးဟိုတစ်နေ့ကတောင် လမ်းမှာဆီပြတ်လို့၊ အေးပြောမယ်ဆိုရင်တော့ နှစ်သောင်းစျေးဆိုတော့ တအားများလွန်းသွားပြီလေကွာ၊ ကျောက်တူးတာတွေကို ပိတ်စေချင်ရင်တော့ ဒီဇယ်ကိုပိတ်ရမှာလေ၊အခုက ဒီဇယ်ကရှိတယ်။ ဓာတ်ဆီပဲ ပိုလို့ရှားနေတာ” လို့ ဆိပ်မူကျေးရွာဒေသခံတစ်ဦးက ပြောပြပါတယ်။
ဓာတ်ဆီတွေကို စစ်ကောင်စီတပ်တွေက ဖားကန့်မြို့ကို တင်ပို့ဖို့ ပိတ်ပင်ထားတယ်လို့လည်း ဆိုကြပါတယ်။
ဖားကန့်မြို့နယ်အတွင်းက စက်သုံးဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီရောင်းချမှုတွေ ရပ်ဆိုင်းထားပြီး အိမ်ဆိုင်တချို့နဲ့ လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တချို့က တစ်ရက် ဓာတ်ဆီနှစ်ပီပါရောင်းချပေးမှုတွေရှိတယ်လို့သိရပါတယ်။
စက်သုံးဆီစျေးကြီးမြင့်မှုနဲ့ ပြတ်လပ်မှုတွေကြောင့် ဒေသတွင်း သွားလာရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့လည်းဆိုပါတယ်။
“ ကုမ္ပဏီတွေက အထိုက်သင့်အလျောက်သူတို့ဖာသာသူတို့လှောင်ထားလေ အဓိကခက်တာက ပြည်သူတွေဒီမှာသွားလာထည့်သုံးတဲ့သူတွေပါ့” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလမှာလည်း ဖားကန့်မြို့မှာ စက်သုံးဆီစျေး တစ်ဂါလံကို ကျပ်သုံးသောင်းအထိမြင့်တက်ခဲ့ဖူးပြီး ပြတ်လပ်မှု ရက်သတ္တတစ်ပတ်ကျော်ကြာမြင့်ခဲ့ပါတယ်။