နိုဝင်ဘာ ၃ ၊ ဖားကန့်
ဖားကန့်မြို့မှာ စစ်ကောင်စီဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန် နဲ့ မော်ဝမ်းလေးကျေးရွာကြားရှိ တံတားအနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။
လက်နက်ကြီးကြောင်းကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦးမှာ လည်ပင်းထိခိုက်ဒဏ်ရရှိခဲ့ပြီး နောက်တစ်ဦးမှာ ခြေထောက်ကိုထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
“ အသက်အန္တရာယ် လုံးဝမရှိပါဘူး ၊ အစလွှင့်စင်ထိမိ ဆိုင်ကယ်မှောက်ဟူ၍ လိမ်ပြီးဆေးကုနေရတယ်” လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖားကန့်ဗျူဟာကုန်းကနေ တရားမဝင်ကျောက်စိမ်းတူးဖော်နေတဲ့ လုပ်ကွက်တွေဘက်ကို ခြောက်ဆယ်၊ လေးဆယ် မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့ဆိုပါတယ်။
တရားမဝင်ကျောက်စိမ်းလုပ်ကွက်တွေကလည်း စစ်ကောင်စီတပ်တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ဖားကန့်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဇွန်လက အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး လူငယ်တချို့လည်း ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့ပါတယ်။