ဩဂုတ် ၂၂ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး အင်တာနက် အသုံးပြုဖို့အတွက် တစ်နာရီ ကျပ် ၅၀၀၀ နှုန်းနဲ့ အသုံးပြုနေရတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဇူလိုင်လဆန်းပိုင်းကတည်းက ဖုန်းလိုင်းတချို့ ပြတ်တောက်သွားသလို အင်တာနက်လိုင်းများအားလုံးလည်း ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ပြတ်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့က ဒေသခံတွေဟာ ဆက်သွယ်ရေးအတွက် ဂြိုလ်တုဖုန်းလိုင်းဖြစ်တဲ့ IP star နဲ့ Starlink အင်တာနက်တွေ အသုံးပြုပြီး ဆက်သွယ်နေရတယ်လို့ သိရပါတယ်။
“IP Star တို့ဘာတို့ ပုံစံမျိုးပေါ့။ Starlink လား IP Star လားမသိဘူး။ တစ်နာရီ ၅၀၀၀။ ဟိုနေ့က အလုပ်လုပ်စရာရှိလို့ ငါ သုံးနာရီလောက် သွားလုပ်ရတာပါ့အေး အလုပ်။ တစ်သောင်းခွဲလေ။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဟုမ္မလင်းမြို့ပေါ်က နောင်ပကျစ်ရပ်ကွက်၊ နောင်ပူအောင်ကျေးရွာနှင့် နမ့်တောကျေးရွာ စသည့်နေရာတွေမှာ တစ်နာရီ ၅၀၀၀ ကျပ်နဲ့ အင်တာနက်သုံးလို့ ရနေတာပဲ ဖြစ်ပါတယ်။
ဖုန်းဆက်သွယ်နိုင်ရေးအတွက် ကမ်းရိုးတမ်းဖုန်း နဲ့ စစ်တပ်ပိုင်တဲ့ MEC ဖုန်းလိုင်းတွေက ဟုမ္မလင်းမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ပြန်လည်ရရှိနေပြီး ဆင်းကဒ်တန်ဖိုးတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက ဟုမ္မလင်း ၊ ဖောင်းပြင် ၊ အင်းတော် ၊ ကောလင်း ၊ ဝန်းသို ၊ ထီးချိုင့် စတဲ့မြို့နယ်အားလုံးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မကြာခဏပြတ်တောက်နေပြီး ပင်လည်ဘူးမြို့ဟာ စစ်ကိုင်းတိုင်းအတွင်း အစောဆုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်တဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ မြန်မာနိုင်ငံအဝန်းမှာ အင်တာနက် နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံရမှုဖြစ်စဉ် အများဆုံးဖြစ်ပွားတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်နေပါတယ်။