နိုဝင်ဘာ ၁၅ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ပေါ်က ငွေလွဲဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဖုန်းလိုင်းနဲ့ အင်တာနက်ပြတ်တောက်မှုကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
” တစ်ခါတစ်လေကျရင်လည်း ရတယ်။ နေ့လည်ပိုင်းကျရင် လိုင်းက မကောင်းတော့ဘူး။ အဲ့လိုအချိန်ကျရင်တော့ လိုင်းကမကောင်းတော့ မရတော့ဘူး။” ငွေလွဲဝန်ဆောင်မှုလုပ်နေတဲ့ ဆိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
MPT, Atom(ယခင် တယ်လီနော) အော်ပရေတာတွေကနေ 2G ကွန်ရက်နဲ့ ချိတ်ဆက်ပြီး Wave money ၊ Kpay စတာတွေကို အသုံးပြုလုပ်ဆောင်နေကြရတာဖြစ်တယ်လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက 2G ကွန်ရက်တွေပျက်တောက်မှုကာ Wave money ၊ Kpay တွေကအသုံးပြုလို့မရတာကြောင့် ငွေလွှဲ၊ ငွေထုတ် ပျက်တောက်မှုဖြစ်ခဲ့တယ်လို့ မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
” အင်း အခုကတော့ ကတော့ မုံရွာတို့ မန္တလေးတို့မှာ ဖုန်းဆက်ပြီးတော့ တစ်ဆင့်ပြန်လွဲခိုင်းတာပညယ် သူတို့က။ အေး ဗန်းမောက်ကနေကျတော့ တစ်ချို့ဆိုင်တွေလည်း နဲနဲ လွဲရခက်တယ်။ တစ်ချို့ဆိုင်တွေကျတော့လည်း ရပါတယ်” လို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။
ဗန်းမောက်မြို့နယ်မှာ အစိုးရ မြန်မာ့စီးပွားရေးဘဏ်တစ်ခုတည်းရှိပြီး ပုဂ္ဂလိကဘဏ်တစ်ခုမှမရှိတာကြောင့် ငွေလွှဲတဲ့ Agent (ကိုယ်စားလှယ်) တွေကိုအသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့အားလုံးနီးပါးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာ အင်တာနက်ဖြတ်တောက်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။