ဖောင်းပြင်မြို့နယ်တွင်ရှမ်းနီအမျိုးသမီးတစ်ဦးထပ်မံသတ်ဖြတ်ခံရ

တစ်ပတ်အတွင်းကျေးရွာတစ်ရွာထဲမှရှမ်းနီလူမျိုး၃ဦးဆက်တိုက်သတ်ဖြတ်ခံရ

ဇူလိူင် ၁၃

ဖောင်းပြင်မြို့နယ် ဟာပါကျေးရွာသူ ဒေါ်ခင်ဝင်းဌေး ၄ဝ နှစ် သည် ဇူလိူင် ၁၂ ရက်နေ့တွင် ထပ်မံသတ်ဖြတ်ခံရသောကြောင့် အဆိုပါကျေးရွာတွင် တစ်ပတ်အတွင်း ကျေးရွာသား သုံးဦးသတ်ဖြတ်ခြင်းခံရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည် ။

” ခင်ဝင်းဌေးက သာမှန်အမျိုးသမီးပဲ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာလည်းမရှိဘူး ။ ကလေး ၃ ယောက်အမေပါ ။ ကြည့်ရတာ ဟိုတုန်းက စကားအပြောအဆိုမှားဖူးတာကို ရန်ညိုးဖွဲ့ပြီး သတ်တာလားမသိဘူး။”ဟု သေဆုံးသူနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးကဆိုသည် ။

ဇူလိုင်လ ( ၁၀) ရက်နေ့ည ကလည်း ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ (SSP)ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးသည့် ဦးအောင်ကြိုင်၏ သားဖြစ်သူ ကိုအဲပို ၃၈ နှစ်နှင့် သူရဦးရွှေမန်း၏ ပြည်သူ့အကျိုးဆောင်ပါတီဝင် တစ်ဦးဖြစ်သူ ကိုတင်မောင်ဌေး ၄၀ နှစ်တို့နှစ်ဦးအားလည်း  ပျောက်ကျားဝတ် လက်နက်ကိုင်လူနှစ်ဆယ်ခန့်က နေအိမ်များတွင် လာရောက်ခေါ်ဆောင်၍ ကျေးရွာသင်္ကျိုင်းတွင် လည်ပင်းလှီးဖြတ်သတ်သွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကဆိုသည်။

” အဲပိုကိုတော့ အိမ်မှာလာခေါ်သွားတာ ။ ပျောက်ကျားယူနီဖောင်းဝတ်တွေပါတယ် ။ဘက်တံဆိပ်တွေတော့ ဘယ်သူမှ သေချာမကြည့်ရဲတော့ မသိလိုက်ကြဘူး။ မျက်နှာဖုံးစွပ်နဲ့ လေးယောက်လောက်ပါတယ်ဆိုတော့ ရွာထဲကပါတယ်ထင်တာပဲ ။ တင်မောင်ဌေးကိုလာခေါ်တဲ့အချိန် သူ့အိမ်မှာမရှိဘူး ။ သူအမျိုးအသုဘအိမ်မှာ ညစောင့်ရောက်နေတာ။ ဖြစ်ချင်တော့ ကြက်ကလှန့်အော်တော့ သူခိုးလားဘာလားဆိုပြီးအော်လိုက်တော့ သူ့အသံကိုမှတ်မိသွားပြီး ဒါတင်မောင်ဌေးအသံပဲဆိုပြီးဖမ်းသွားတာ ။ သင်္ကျိုင်းက ရွာနဲ့နီးတော့ ငါ့ကိုသတ်မယ်ဆိုလည်း နီးနီးနားနားပဲသတ်လိုက် ရွာကိုတော့ ဒုက္ခမပေးနဲ့လို့ တင်မောင်ဌေးပြောတဲ့အသံကိုလည်း ကြားတဲ့လူတွေရှိတယ် ။” သတင်းရင်းမြစ်တစ်ဦးကဆိုသည် ။

ဟာပါကျေးရွာသား သုံးဦးလုံးအား လာရောက်ခေါ်ဆောင်သည့်အချိန်သည် ည ၈ နာရီခွဲအချိန်ခန့်အတွင်းဖြစ်ကြောင်းလည်း သိရသည်။ 

ဟာပါကျေးရွာသည် ရှမ်းနီလူမျိုးအများစု နေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ပြီး ယခုလုပ်ရပ်အား မည်သည့်အဖွဲ့မှ ဆောင်ရွက်သည်ကို တိကျခိုင်လုံသော အထောက်အထားများ မရရှိသေးချေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာတစ်နိူင်ငံလုံးတွင် အရပ်သားအများအပြား နေ့စဉ် သတ်ဖြတ်ခြင်း ခံနေရသည် ။

Leave a Reply

Your email address will not be published. Required fields are marked *