ဗန်းမောက်မြို့ကနေ စစ်ဘေးရှောင် ထောင့်ငါးရာဝန်းကျင် စစ်ဘေးတိမ်းရှောင်နေ 

စက်တင်ဘာ ၂၆  ၊ ဗန်းမောက် 

ဗန်းမောက်မြို့မှာ မြို့သိမ်းတိုက်ပွဲပြီးနောက် ဒေသခံ ထောင့်ငါးရာကျော်ဟာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေထံကနေ သိရပါတယ်။ 

စစ်ဘေးရှောင်စခန်းဖွင့်ထားတယ်။ မင်းကုန်းရယ် အရှေ့ကုန်းရယ်ပဲ စစ်ဘေးရှောင်စခန်းတွေက၊ အေး ထမင်းတွေ ဘာတွေ ဆန်ဆီဆား၊ ဟင်းချိုမှုန့်တွေက ပေးတယ်။ ဟင်းကတော့ ကိုယ့်ဘာသာကိုယ် ဝယ်စားရတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့က စစ်ဘေးရှောင်တွေအတွက် အရှေ့ကုန်း စာသင်ကျောင်းရှိ ဘက်စုံခန်းမ နဲ့ မင်းကုန်းကျေးရွာရှိ စာသင်ကျောင်းများမှာ နေရာချထားပြီး အခြေခံစားသောက်ရေးအတွက် ရပ်ရွာနဲ့ SNA တို့က ထောက်ပံ့ပေးထားတယ်လို့သိရပါတယ်။ 

စစ်ဘေးရှောင်တွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မ၊ မြနန္ဒာ ၊ လွှစင်ကုန်း စတဲ့ဒေသခံတွေအပြင် အောင်သာကုန်း၊ ခမိုး ၊ ရွှေကျောင်း စတဲ့ကျေးရွာက ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်​။

မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရချိန် တစ်ပတ်နီးပါးကြာမြင့်လာပြီးနောက် ဒေသခံတချို့က စစ်ဘေးရှောင်စခန်းတွေအပြင် နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြကြောင်း သိရပါတယ်။ 

ဒေသခံတချို့က မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာ မြို့ထဲကို ပြန်လည်ဝင်ရောက်လိုကြပေမယ့် စစ်ရေးတင်းမာမှုနဲ့ စိတ်ချရတဲ့အခြေအနေတွေမရှိသေးတာကြောင့် ဆက်လက်တိမ်းရှောင်နေရဆဲအခြေအနေလည်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ 

ဗန်းမောက်မြို့နဲ့ မိုင်အနည်းငယ်အကွာမှာ မြို့ပေါ်ကနေ တပ်ဆုတ်ခဲ့တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြားမှာ စစ်ရေးတင်းမာမှုတွေ ဒီနေ့အထိ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ပင်ဟင်းခါးရွာမှာ ဟိုဘက် ( KIA+PDF)  ဘက်က  ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တာ ဒီမနက် ၊ နေအိမ်တွေထိခိုက်သွားတာတွေရှိတယ်။ အမိုးနည်းနည်းပွင့်သွားတယ် ။ တိုက်ပွဲတွေကတော့ ငြိမ်နေတယ်လို့”  ပျက်စီးသွားတဲ့နေအိမ်နဲ့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။ 

ဗန်းမောက်မြို့ကို NUG အမှတ် ၁ စစ်ဒေသက မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာဖြစ်ပြီးတော့ KIA အပါအဝင် ဗန်းမောက် ၊ အင်းတော် က PDF တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက PDF ပူးပေါင်းတပ်တွေ ပါဝင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *