ဇူလိုင် ၂၉ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ ပေပင်ကျေးရွာက ကလေးငယ်နှစ်ဦး မပေါက်ကွဲသေးတဲ့ မိုင်းဆော့ကစားရာကနေ မိုင်းပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးနှစ်ဦးလုံး ဆေးရုံဆင်းသွားပြီလို့ ဗန်းမောက်ပြည်သူ့ဆေးရုံဆီကနေ စုံစမ်းသိရှိရပါတယ်။
ဗန်းမောက်တောင်ပိုင်းဒေသ ပေပင်ကျေးရွာအနောက်ဘက် ဦးညွှန့်ဝင်းအိမ်နောက်မှာ မပေါက်ကွဲပဲကျန်ရှိနေတဲ့ မိုင်းကို ဇူလိုင်လ ၂၁ ရက်နေ့မနက်ပိုင်းမှာ ကလေးငယ်တွေ သွားဆော့ကစားရင်းပေါက်ကွဲတာလို့ ကလေးမိဘတွေဆီကနေသိရပါတယ်။
မိုင်းထိခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်ထူးခန့်ကျော်က လက်မောင်း ၊ ခြေထောက် ၊ လက်ကောက်ဝတ် ၊ ခြေသန်း ၊ ခေါင်း စတဲ့နေရာတွေမှာ မိုင်းစထိမှန်ခဲ့တာဖြစ်ပြီး နောက်ကလေးငယ်တစ်ဦးဖြစ်တဲ့ မောင်နေမင်းစိုးက ပေါင်နဲ့ ကျောဘက်မှာ မိုင်းစထိမှန်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆေးရုံရောက်စဉ်ကတည်းက မစိုးရိမ်ရ ဒဏ်ရာတွေကြောင့် ရက်သတ္တတစ်ပတ်ကျော်သာ ကုသမှုခံရခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
မောင်နေမင်းစိုးဇူလိုင်လ ၂၃ ရက်နေ့မှာ ဆေးရုံဆင်းခဲ့ပြီး မောင်ထူးခန့်ကျော်က ဇူလိုင်လ ၂၆ ရက်နေ့မှာ ဆေးရုံဆင်းသွားတယ်လို့ သိရပါတယ်။