ဗန်းမောက်မြို့နယ်တွင် Covid19 ကူးစက်မှုအရှိန်မြင့်နေပြီး အတည်ပြုလူနာများ ထားစရာနေရာမရှိတော့

ဇူလိုင် ၂ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်တွင် Covid19  ရောဂါပိုးကူးစက်မှု အရှိန်မြင့်နေပြီး အတည်ပြုလူနာများကို ထားစရာနေရာ မရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။ 

“ မနေ့ကအစည်းအဝေးလုပ်တယ်။ ဆရာဝန်ကနေပြီးတော့က စစ်ရင် စစ်သလိုတွေ့နေမှာပဲ။ အခုက ထားစရာနေရာမရှိတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးကြတယ်။” ဟု ထိုအစည်းအဝေးကို တက်ရောက် ခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ 

ဗန်းမောက်မြို့နယ်ရှိ Covid19 အတည်ပြုလူနာများကို ပြည့်သူ့ဆေးရုံ အဟောင်း၊ ဆေးရုံအသစ် ၊ နတလ ( နယ်စပ်ရေးရာဝန်ကြီးဌာန) နေရာ နှင့် မိုးလုံလေလုံအားကစားခန်းမတို့တွင် ထားရှိကုသထားသည်။ 

လက်ရှိတွင် ထားစရာနေရာမရှိသည့်အပြင် ကုသပေးနိုင်သည့် ဆရာဝန်အင်အား ၊ သူနာပြုအင်အားများ နည်းနေပြီး ၊ စေတနာဝန်ထမ်းများလည်း မရှိကြောင်း ဒေသခံများက ပြောကြားသည်။ 

“ ဆရာဝန်က (၂)ယောက်ပဲရှိတာ ၊ ကျန်တာသူနာပြုနည်းနည်းနဲ့၊ ဘော်လန်တီယာ( စေတနာ့ဝန်ထမ်း) တွေလည်း မရှိတော့ဘူး။ ဓာတ်ခွဲမှူးကလည်း (၁) ယောက်ပဲရှိတာ” ဟု ‌ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောဆို သည်။ 

ဗန်းမောက်မြို့နယ်တွင် Covid19 ‌ရောဂါပိုးကူးစက်မှုအရှိန်မြင့်နေသော်လည်း မြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထားခြင်းမရှိသည့်အပြင် စားသောက်ဆိုင်များ ၊ စျေးများလည်း ဆက်လက်ဖွင့်လှစ်ထား သည်။ 

“ ငါတို့က အထက ကျောင်းမှာဆိုရင်တော့ ကျောင်းဆောင်တွေလည်းများတယ်၊ ရေလည်းပေါတယ် ။ အိမ်သာလည်းများတယ်။ အခုက ကျောင်းကမပိတ်တော့ ဘာမှလုပ်မရဘူး။ မြို့နယ်စီမံအုပ်ချုပ်ရေးပြော တော့ အဲ့ကိစ္စတင်ပြထားတယ်။” ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

ဗန်းမောက်မြို့နယ်တွင် သုံးရက်အတွင်း အတည်ပြုလူနာ (၁၆၄) ဦးထိရှိပြီး ဆက်လက်တိုးလာမည့်အခြေအနေတွင်ရှိနေသည်။ 

ဗန်းမောက်မြို့နယ်ရှိ ပန်းသတင်းKTV နှင့် စားသောက်ဆိုင်မှ  စတင်ပျံ့ခဲ့သည့်ရောဂါပိုးကို ၎င်းတို့၏ ဝန်ထမ်းများ ၊ မြို့နယ်ထွေအုပ်များ ၊ ရဲဝန်ထမ်းနှင့် မိသားစုများ ၊ သစ်တောဝန်ထမ်းတချို့ နှင့် ကလေးငယ်တချို့ ကူးစက်ခံထားရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *