ဇွန် ၂ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်ထဲက စာသင်ကျောင်းတချို့ မဖွင့်ဖို့ ခြိမ်းခြောက်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ကျောင်းကို မဖွင့်ဖို့ ဒီနေ့မှာ စာလာပစ်သွားတယ်။ ကျောင်းမဖွင့်ဖို့ကို ၊ ကျောင်းအုပ်ကြီးက အဲ့စာကိုလာပြတယ်။ မနှစ်ကတော့ ဒီကျောင်းကဖွင့်တယ်။ အထကကျောင်းဆိုတော” လို့ ခြိမ်းခြောက်ခံရတဲ့ကျောင်းက အကျိုးဆောင်တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ဗန်းမောက်မြို့နယ် နားမော်ကျေးရွာက အထကခွဲ ကျောင်းကို ခြိမ်းခြောက်တာဖြစ်ပြီး လာရောက်ခြိမ်းခြောက်ထားတဲအဖွဲ့အစည်းကိုတော့မသိရကြောင်း သူက ဆက်ပြောပါတယ်။
အဲ့ကျောင်းမှာ ကျောင်းတက်တဲ့ ကျောင်းသူ/သားဦးရေ ပုံမှန် ၃၀၀ ကျော်ဝန်းကျင်မှာရှိပြီးတော့ ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသရဲ့ အရေးပါတဲ့ ကျောင်းတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ကလည်း ကြောင်လည်ကျေးရွာက အထကျောင်းကို ကျောင်းမဖွင့်ဖို့နဲ့ ဆရာ/မ တွေ CDM ပြုလုပ်ဖို့အတွက် ကျောင်းနံရံမှာ စာနဲ့ လာရောက်ရေးခြစ်မှုအပါအဝင် ခြိမ်းခြောက်စာတွေကိုလည်း ကျောင်းဝင်းမှာလာရောက်ချထားမှုတွေဖြစ်ပွားခဲ့ပါတယ်။
ဗန်းမောက်မြို့နယ်မှာ ကျောင်းပေါင်း ၂၀၀ နီးပါးမှာ ကျောင်းသား နှစ်သောင်းကျော်လောက် နှစ်စဉ်ပညာသင်ကြားခဲ့ကြတယ်လို့ ဗန်းမောက်မြို့နယ်ဆိုင်ရာ ဒေသအချက်အလက်တွေအရသိရပါတယ်။
ဒီနှစ်ထဲမှာ စစ်ကောင်စီပြန်လည်ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ကျောင်းအပ်နှံထားသူ ၅သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။