![](https://www.shannivoice.com/wp-content/uploads/2024/12/photo_2024-12-05_17-32-09.jpg)
ဒီဇင်ဘာ ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ၊ဗန်းမောက်မြို့နယ်အတွင်းက အရှေ့ကုန်းကျေးရွာမှာ နိုဝင်ဘာလအစကနေ စတင်ပြီး ယခုလပထမသီတင်းပတ်အထိ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင် (၁၅၀၀)နီးပါးအတွက် ကာကွယ်ဆေးများထိုးနှံပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းများထံမှ သိရပါတယ်။
နိုဝင်ဘာလမှစပြီး ယနေ့အထိ သီတင်းပတ်(၅)ပတ်အတွင်း ထိုးနှံပေးခဲ့တာဖြစ်ပြီး ပထမသီတင်းပတ်မှာ ဦးရေ(၅၀၀)ကျော်၊ ဒုတိယသီတင်းပတ်မှာ (၄၀၀)နီးပါး၊ တတိယသီတင်းပတ်နဲ့ စတ္ထသီတင်းပတ်တို့မှာ လူဦးရေ(၂၀၀)ကျော်စီနဲ့ ယခုသီတင်းပတ်ငါးပတ်မြောက်မှာ (၂၀၀)နီးပါးခန့်ဆက်လက်ထိုးနှံနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ မိန်းကလေးတွေအတွက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ပထမအကြိမ် ဒုတိယအကြိမ် ကိုးနှစ်မှာပထမအကြိမ် ဆယ်နှစ်မှာဒုတိယအကြိမ်ပေါ့နော် ဒီအတွက်ကမထိုးရသေးဘူး ဒီဘက်ကိုဒီဆေးတွေကမရသေးဘူး (၉)နှစ် (၁၀)နှစ်မိန်းကလေးတွေအတွက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပဲမပါသေးတာ ကျန်တဲ့တစ်နှစ်ခွဲထိက အကုန်ထိုးပေးနေတာ” ဟု ကာကွယ်ဆေးထိုးနှံပေးနေသူ ဗန်းမောက်မြို့နယ်ကျန်းမာရေးဝန်ထမ်းဆရာမတစ်ဦးက ပြောပြပါတယ်။
ဗန်းမောက်မြို့နယ်ထဲက ကျေးရွာအုပ်စုတွေကို နေ့ရက်အလိုက်အလှည့်ကျထိုးနှံပေးတာဖြစ်ပြီး အဆုတ်ရောဂါကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ် အအေးပတ်၊ နမိုးနီးယားကာကွယ်ဆေး၊ အဆုတ်ရောဂါကာကွယ်ဆေး(၅)မျိုး၊ဆုံစို့နာ ၊ကြက်ညာ၊ဝက်သက်ရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ဗန်းမောက်မြို့နယ်အတွင်းရှိ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်တွေဟာ နယ်မြေမတည်ငြိမ်မှုတွေနဲ့ လမ်းပိုင်းပိတ်ပင်မှုတွေကြောင့် ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိခဲ့ပဲ ယခုနှစ်သြဂုတ်လကမှစတင်ကာ ပြန်လည်ထိုးနှံနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။