ဧပြီ ၁၉ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နားမော်ကျေးရွာမှာ ဧပြီလ ၁၄ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အများစုက ပြုပြင်နိုင်ခြင်းမရှိသေးဘူးလို့ ကျေးရွာသားတွေဆီကနေ သိရပါတယ်။
“ ပြင်နိုင်တဲ့သူတွေက ပြင်ပြီးတော့ မပြင်နိုင်တဲ့သူတွေကတော့ ဒီအတိုင်းပဲ မတတ်နိုင်တော့ ဒီအတိုင်းပဲနေတုန်းပဲ “ လို့နားမော်ဒေသခံတစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်း ပြောပြပါတယ်။
နားမော်ကျေးရွာမှာ အိမ်ခြေတစ်ရာ့သုံးဆယ်ရှိရာမှာ အိမ်ခြေ လေးဆယ်ကျော်က လေပြင်းတိုက်ခိုက်မှုတွေကြောင့် အိမ်ခေါင်မိုးလန်ပြီး ပျက်စီးသွားခဲ့တာလည်းဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုက နားမော်ကျေးရွာမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
“ ကျွန်တော်တစ်သက်မှာ အပြင်းဆုံးပဲ ၊ ၁၅ မိနစ်အတွင်း လူပါလွင့်တယ် ။ အုပ်ချပ်ခဲတွေပါလွင့်တယ်ဆိုတော့ ပြင်းလို့ပေါ့” လို့ သူကဆိုပါတယ်။
အရင်က ဗန်းမောက်မြို့နယ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးမှုတွေအတွက် အထောက်အပံ့တွေရရှိခဲ့ပေမယ့် ဒီကာလမှာ မရရှိဘူးလို့လည်း ပြောဆိုကြပါတယ်။
သင်္ကြန်ကာလအတွင်းမှာ ဗန်းမောက်မြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် နေအိမ်တချို့ပျက်စီးသလို ရွှေတူးဖော်နေတဲ့ လုပ်ငန်းခွင်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၆ ရက်နေ့ညမှာလည်း ဗန်းမောက်မြို့ပေါ်နဲ့ ကျေးရွာတချို့တွေမှာ လေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေကိုတော့ မသိရှိရပါဘူး ။