
ဖေဖော်ဝါရီ ၂၀ ၊ ဗန်းမောက်
စစ်အုပ်ချုပ်ရေးကျေညာထားခြင်း ခံထားရသော ဗန်းမောက်မြို့နယ်သည် သစ်အလွန်အကျွံထုတ်ယူမှုများရှိနေသော မြို့နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများသာမက အစိုးရဝန်ထမ်းများပါ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများကဆိုပါတယ်။
“ဒီနေ့မနက် ၈ နာရီလောက်တောင် ဆယ့်နှစ်ဘီးကား လေးစီးမြို့ထဲအတိုင်းထွက်သွားတာတွေ့တယ်။ မိုးကာတွေအကုန်အုပ်သွားတာ။ နေ့တိုင်းထွက်နေတာပဲ ။ များတဲ့ရက်ဆို ၁၅ စီး အစီး ၂၀ လောက်ရှိတယ်။ တန်းစီပြီး ဖြည်းဖြည်းပဲ မောင်းသွားတာ။ ဘယ်မှာမှ မရပ်ဘူး။ ” ဟု ဗန်းမောက်မြို့ပေါ်က ဆရာတော် တစ်ပါးက မိန့်ကြားပါတယ်။
အဆိုပါသစ်ထုတ်လုပ်မှုများသည် တောထဲတွင် တော်လှန်ရေးအင်အားစုများအား ငွေပေးကြေးမြောက်များစွာ ပေး၍ ထုတ်လုပ်နေခြင်းဖြစ်သကဲ့သို့ မြို့ပေါ်ဖြတ်သန်းသယ်ယူရန်အတွက် အစိုးရဝန်ထမ်းများအားငွေကြေးပေးဆောင်၍ သယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောပြပါတယ်။
“ မနေ့ကညနေ ၂ နာရီလောက်မှာသစ်ကားတစ်စီးထွက်သွားတာ ရှေ့မှာရဲတွေက မြို့ထွက်တဲ့အထိ ဆိုင်ကယ်နဲ့ လမ်းရှင်းပေးသွားတယ်။ အဓိကပတ်သက်နေတာတော့ သစ်တောရဲနဲ့ ရဲတွေပဲ။ သူတို့က လက်လုပ်လက်စား တစ်နိုင်လုပ်တဲ့လူတွေကိုပဲ ဖမ်းတာ။ တရုတ်ပို့တဲ့လက်ကြီးသမားတွေကိုဆို မဖမ်းဘူး။”ဟု ဗန်းမောက်မြို့တွင်နေထိုင်သည့် ပြည်သူတစ်ဦးကဆိုပါတယ်။
ဗန်းမောက်ဒေသတွင် လက်နက်ကိုင် ပဋိပက္ခကာလအတွင်း သစ်ထုတ်လုပ်မှုများ အလွန်အကျွံပြုမှုကြသဖြင့် ကြိုးဝိုင်းသစ်တောနှင့် အစိုးရစိုက်ခင်းများပါမကျန်သလောက် ပြုန်းတီးနေပြီဖြစ်ပါတယ်။
“အင်္ဂလိပ်လက်ထက်ကစိုက်ခဲ့တဲ့ မြင်သာကြိုးဝိုင်ဆိုရင် တောဆုံးအောင်လေးနာရီလောက် လမ်းလျောက်ရတယ် အပင်တွေလည်း ဖြောင့်နေတာပဲ။ အခုတော့ ငုတ်ပဲကျန်တော့တယ်။ ကျွဲကောလမ်းဘေးက မျိုးယူဖို့ချန်ထားတဲ့ အပင်တွေလည်း မရှိတော့ဘူး။” ဟု ဗန်းမောက် တောင်ပိုင်းမှ ဒေသခံတစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။
ယခုကဲ့သို့ သစ်တောအလျင်အမြန်ပြုန်းတီးအောင် ထုတ်လုပ်နေခြင်းမှာ တော်လှန်ရေးအင်အားစုများက ရံပုံငွေအတွက် ခွင့်ပြုထားရုံမျှမဟုတ်ပဲ အကျင့်ပျက်ဝန်ထမ်းများ ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ်ကြောင်းလည်း ဒေသခံများပြောကြပါတယ်။
“ ဝန်ထမ်းတွေပါတ်သက်နေတာတော့ သေချာတယ်။ မြို့ထဲ လမ်းမကြီးအတိုင်းဖြတ်ပြီး အင်းတော်ကနေ ကသာဘက်ကိုဆင်းတာ သူတို့မသိစရာအကြောင်းမရှိဘူး။ တစ်ချို့ကားတွေက မြောက်ပိုင်း မံထုံဘက်ကိုထွက်တယ်။” ဟု ဗန်းမောက်မြောက်ပိုင်းမှ ကျေးရွာသားတစ်ဦးကဆိုသည်။
ဗန်းမောက်ဒေသ သစ်များကို ကချင်ပြည်နယ်ဘက်မှ ကုန်သည်များနှင့် တရုတ်ကုန်သည်ကြီးများ
တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဗန်းမောက်အတွင် ကျွန်းသစ်ထုတ်လုပ်ရန်အတွက် ကိုယ်စားလှယ်ယူထားသူများမှာ ဘာဘူနော် ၊ လာဆန် ၊ နော်ဆန်း ၊ နော်တောင် တို့ဖြစ်ပြီး ၊ သစ်စက်ကြီး ပတ်ဝိုင်းပိုင်ရှင်များမှာ သက်ပိုင်၊ အားစန်း၊ ပါးချန်း၊ ဒေါင်နီ တို့ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ ဗန်းမောက်အတွင်း ပတ်ဝိုင်း ၄ ဝိုင်းရှိပြီး ၊ တစ်လုံးထိုးစက်ဝိုင်းငယ်များ၊ ချိန်းဆောများဖြင့်များကိုလည်း အလွန်အကျွံသုံးထားတာလို့ကြားသိရပါသည်။
သစ်ကုန်သည်များနှင့် နီးစပ်သော ဒေသခံများထံပြောပြချက်အရ တော်လှန်ရေးအင်အားစုများက ဗန်းမောက်နယ်တွင် သစ်တန် တစ်သောင်းတာဝန်ယူထားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စ၍ ယနေ့အထိ တန် ၃၀၀၀ နီးပါးခန့် ထုတ်ပြီးနေပြီဖြစ်ကြောင်းလည်း သိရသည်။