ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံများကို ရွှေ့ပြောင်းကြဖို့ KIA+PDF များသတိပေး

ဇန်နဝါရီလ ၈ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ၊ဗန်းမောက်မြို့နဲ့ တစ်မိုင်ခန့် အကွာမှာရှိတဲ့ စက်တောကျေးရွာနဲ့ လယ်နက်ကြီးကျေးရွာက ဒေသခံ ကျေးရွာသူ/သားတွေကို ရွှေ့ပြောင်းစွန့်ခွာကြဖို့  KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက အစည်းအဝေးခေါ်ယူပြီးပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂)ရက်နေ့မှာ  အဲ့ဒီကျေးရွာနှစ်ရွာက  ရပ်မိရပ်ဖများနဲ့ ရပ်ကွက်လူကြီးများကို ခေါ်ယူစုဝေးပြီး ရက်သတ္တပတ်အတွင်း အလျင်အမြန်ရွှေ့ပြောင်းထွက်ခွာကြဖို့ ပြောဆိုခဲ့တာဖြစ်တယ်လို့  ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြပါတယ်။

 “ ရွာသူရွာသားတွေကို ဒီရက်ပိုင်း အချိန်တစ်ပတ်နောက်ဆုံးထားပြီး ရွာကနေ ထွက်သွားကြဖို့လာချိန်းခြောက်ပြောသွားတယ် ဘယ်ကိုဘဲရွှေ့ရွှေ့ပေါ့လေ” ဟု သူကဆိုပါတယ်။

ဒီကျေးရွာအနီးတစ်ဝိုက်နဲ့ ကျေးရွာအတွင်းတွေမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် အခုလိုရှောင်တိမ်းစေတာဖြစ်တယ်လို့ ဒေသခံများက ဆိုကြပါတယ်။

တစ်ပတ်ကျော်လာပြီးတဲ့အချိန်အထိ ဒေသခံတချို့ နဲ့ ဌာနဝန်ထမ်းတချို့က ပြောင်းရွေ့ကြပြီး တချို့က ကျေးရွာအတွင်း ဆက်လက်နေထိုင်ကြဆဲဖြစ်တယ်လို့သိရပါတယ်။ 

ဗန်းမောက်မြို့ကိုလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ တိုက်ပွဲများဖော်ဆောင်တော့မည်ဆိုသည့်သတင်းဖြင့် မြို့က နေရွှေ့ပြောင်းကြဖို့ သတိပေးမှု ၄ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ 

သို့ပေမယ့် ဒေသခံတချို့က ခေတ္တခဏရွေ့ပြောင်းပြီးပြန်လည်နေထိုင်ကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

စက်တောဘက်ကတော့ တချို့တလေကြတော့ပြောင်းကြတယ် အကုန်လုံး အများအားဖြင့်တော့ မပြောင်းကြဘူး။ ဝန်ထမ်းနဲ့မိသားစုတွေပဲ မြို့ထဲကိုဝင်လာနေကြတာရှိတာ၊  အဲ့တာကလည်း ပုံမှန်လိုဖြစ်နေပါပြီလေ ဒီမှာတော့ ရုတ်ရုတ်ဆို ဟိုဘက်သွားလိုက်ပြန်သွားနေလိုက် နှစ်ရက်သုံးရက်နေလိုက် ပြန်ငြိမ်သွားပြန်ပြီဆို ပြန်လာနေပြန်အဲ့လိုပါပဲ” လို့ ဗန်းမောက်မြို့ပေါ်နေထိုင်သူ တစ်ဦးက ပြောပါတယ်။ 

 ဗန်းမောက်မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့နယ်ရဲ့ အနောက်ခြမ်းဒေသများကို  ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က  ထိန်းချုပ်ထားကာ တောင်ပိုင်းဒေသနဲ့မြောက်ပိုင်းဒေသများကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *