
ဒီဇင်ဘာ ၁၀ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်က တိုက်ပွဲတွေကြောင့် ဝန်ထမ်းတွေ စစ်ဘေးရှောင်နေကြရပြီး လစာမရရှိတာ ၅ လကျော်ကြာမြင့်လာပြီဖြစ်တယ်လို့ ဝန်ထမ်းများထံကနေ သိရပါတယ်။
ဒါ့အပြင် မြို့ပေါ်စာသင်ကျောင်းများ ပိတ်ထားရတာလည်း နှစ်လကျော်ကြာမြင့်လာသလို လစာမရရှိတဲ့အထဲ ပညာရေးဝန်ထမ်းများလည်းပါဝင်နေတယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့၊ မြို့သိမ်းတိုက်ပွဲတွေကြောင့် ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ/ဆရာမတွေဟာ ဟုမ္မလင်း၊ စစ်ကိုင်း၊ မန္တလေး စတဲ့မြို့တွေမှာ စစ်ဘေးရှောင်ခဲ့ကြပြီး အချို့ဝန်ထမ်းတွေက အလုပ်ပြန်လည်လုပ်ကိုင်နေရမှုတွေ ရှိနေတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးကပြောပြပါတယ်။
“ ကျောင်းဖွင့်လို့ရတဲ့ဒေသမှာရှောင်ခဲ့ကြတာ။ စစ်ရှောင်ပုံစံမျိုးမနေပဲနဲ့ပေါ့နော် ကျနော်တို့ လိုအပ်တဲ့ကျောင်းတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေကြတယ်။ ဗန်းမောက်မြို့နယ်၊ ဟုမ္မလင်းဘက်မှာ ဖွင့်လှစ်တဲ့ကျောင်းတွေမှာလည်း ဝင်ရောက်တာဝန်ထမ်းဆောင်ကြတာလည်းရှိတယ်။ နောက်ပြီးတော့ မန္တလေးတို့ စစ်ကိုင်းတို့ဘက်မှာလည်း ဝင်ရောက်ပြီးတော့ တာဝန်ထမ်းဆောင်တာလည်းရှိကြောင်း” သူကပြောပြပါတယ်။
ဒီထဲက မန္တလေးနဲ့စစ်ကိုင်းဘက်စစ်ရှောင်ဝန်ထမ်းအချို့မှာ ဝန်ထမ်းလစာ မရရှိသေးသူများလည်းရှိနေပြီး ဗန်းမောက်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ပညာရေးဝန်ထမ်း(၃၃၆)ဦးတွေကိုတော့ ပညာရေး ရပ်ကျေးဆပ်ကော်မတီက နှစ်လစာ ကူညီကြိုတင်ထုတ်ပေးထားရတယ် လို့သိရပါတယ်။
“ အခု ပညာရေးလစာ မထုတ်နိုင်တဲ့ ဆရာ/ဆရာမတွေက အခက်အခဲဖြစ်နေတယ်။ အဲ့လိုဖြစ်တဲ့ အတွက်ကျနော်တို့က ဆပ်ကော်မတီ အစည်းအဝေးခေါ်ပြီးတော့ လုပ်ငန်းရှင်တွေရဲ့ထောက်ပံမှုနဲ့ လစာကိုကြို တင်ပြီးမှထုတ်ပေးတဲ့သဘောပေါ့ ‘ဟု ပညာရေး ရပ်ကျေးဆပ်ကော်မတီ တာဝန်ရှိသူက အခုလိုပြောပြပါတယ်။
မြို့သိမ်းတိုက်ပွဲတွေကြောင့် အစိုးရဘဏ်များလည်း ယာယီရပ်နားထားရကာ အစိုးရဝန်ထမ်းလစာများအတွက် အခုလိုအခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ဆိုပါတယ်။
ဝန်ထမ်းလစာများကို ဇူလိုင်လအထိသာ ထုတ်ယူထားနိုင်ပြီး ဒီအကြောင်းအရာတွေအတွက် ပညာရေးဝန်ကြီးဌာနနဲ့ တိုင်းမှူးများထံ တင်ပြထားကြောင်းသိရပါတယ်။
မြို့နယ်အတွင်းက အစိုးရဝန်ထမ်းများအတွက် ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်မဟာ (၆၁၄) ထိန်းချုပ်ရာနယ်မြေမှာ ယာယီ စစ်ရှောင်စခန်းများတည်ဆောက်ပေးပြီး နေထိုင်စားဝတ်နေရေးနဲ့ ဝန်ထမ်းလစာများ အခက်ခဲတွေကိုကူညီပေးနေတယ်လို့ဆိုကြပါတယ်။
