ဗန်းမောက်မြို့ပေါ် ရပ်ကွက်တွေမှာ လောင်းကစားဝိုင်းများ ပိုမိုများပြားလာ

ဇန်နဝါရီ ၂၇ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းအထက်ပိုင်း  ဗန်းမောက်မြို့နယ် မြို့ပေါ်ရပ်ကွက်တွေမှာ လေးကောင်ဂျင် လောင်းကစားဒိုင်တွေ ပိုမိုများပြားလာတယ်လို့ မြို့ပေါ်  ဒေသခံတွေကပြောဆိုနေကြပါတယ်။ 

“အဲ့ဒါတော့ ဟုတ်တယ်။ ပေါတယ်။ ဒါက ရပ်ကွက်ထဲမှာကအစ လူတွေ အကုန်လုံး ဘာမှ မလုပ်တော့ဘူး ဒီလောင်းကစားပ။ ဂျင်ဝိုင်းမှာပဲ နေကြတော့တာ တော်တော်များများ။ ဒါက ဟိုဘက် ဒီဘက်ကလည်း ဘာပ မပြောဘူးဆိုတော့ ပြောလည်း ဒီတိုင်း ပြန်လုပ်ကြတာဆိုတော့။ ပြောလည်း ခဏပဲ သိမ်းပြီး ပြန်လုပ်ကြတာ” လို့ ဗန်းမောက်မြို့ပေါ်နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့ပေါ်ရပ်ကွက်တွေထဲမှာ ဂျင်ဝိုင်း ၊ ကြက်တိုက်ဝိုင်းများ ၊ လောင်းကစားဝိုင်းများ ပုံစံမျိုးစုံရှိနေပြီး လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းပေါင်းစုံကို ငွေကြေးပေးဆောင်ရတယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့နှစ်တွေမှာတော့ လောင်းကစားတွေကို ပွဲခင်းနှင့် မြို့ပြင်မှာသာတွေ့ရပြီး ဒီနှစ်အတွင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေအထိ တိုချဲ့လုပ်ကိုင်လာကြတာလည်းဖြစ်ပါတယ်။ 

“ ရပ်ကွက်ထဲမှာတွေ ဖွင့်ထားတာ။ မြို့ဘေးမဟုတ်ဘူး ရပ်ကွက်ထဲမှာ ကိုယ့်အိမ်နဲ့ကိုယ် အဲ့လိုမျိုး။ ကိုယ့်ခြံနဲ့ကိုယ်လုပ်တာဆိုတော့ ဘာမှ မဖြစ်ပါဘူး။ သူတို့ဟာနဲ့ သူတို့က ရပ်ကွက်မှာတွေချည်း အကုန်လုံး။” လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ 

ဒီလိုပေါများနေတဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီးအရေးယူမှုတစ်စုံတစ်ရာမျှမရှိဘူးလို့လည်း သိရပါတယ်။ 

ဗန်းမောက်မြို့ပေါ်တွေမှာ KTV များ၊ အနှိပ်ခန်းများလည်း ယခင်ထက်မတူပဲ ပိုပေါများလာနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *