ဗန်းမောက်မြို့မှာစက်သုံးဆီစျေးကြီးမြင့်မှုကြောင့်ရွှေတူးဖော်မှုတွေရပ်နားထား

ဗန်းမောက်မြို့နယ်ထဲက ရွှေမျှောလုပ်ကွက်တစ်ခုကို တွေ့ရစဉ် Photo/ShanNi Voice

ဩဂုတ် ၂၆ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်အတွင်းမှာရှိတဲ့ ကုမ္ပဏီလုပ်ကွက်ကြီးတွေ နဲ့ တစ်နိုင်တစ်ပိုင် ရွှေမျှောတူးဖော်မှုတွေက ကြီးမြင့်လာတဲ့ စက်သုံးဆီစျေးကြောင့် ရပ်နားထားရတယ်လို့ ရွှေမျှောလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ 

  နားနေကြတာများတယ် ။ တချို့လုပ်နေကြတစ်ဦးနှစ်ဦးတော့ရှိတယ်။ အဲ့တာကလည်း  အကွက်ကိုပြတ်သွားအောင်လို့ပဲ လုပ်နေတာ။ ပျက်သွားရင်သိမ်းပြန်တော့မလို့တဲ့ ။ အခုဆိုဒီနားက  ချောင်းရေတောင်ကြည်လို့နေပြီ။ အမြဲနောက်နေတဲ့ဟာက” လို့ ရွှေတူးဖော်နေသူ တစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ ရွှေတူးဖော်မှုအတွက် လိုအပ်တဲ့ စက်သုံးဆီတွေက ဝယ်ယူရခက်ခဲနေတာ ၊ စျေးနှုန်းကြီးမြင့်မှုတွေကြောင့် နားထားကြတာလို့ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချရေး ကော်မတီရဲ့ ထုတ်ပြန်မှုအရ  ဒီဇယ်တစ်လီတာ ၃၂၀၀ ကျပ်ရှိနေတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ဒီဇယ်စျေးက တစ်ပေပါ ရှစ်သိန်းကျပ်အထက်မှာရှိနေတာကြောင့် လုပ်ငန်းလည်ပတ်မှုအတွက် အခက်အခဲရှိနေတာကြောင့် ရပ်နားကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။ 

ဆီစျေးတွေကလည်း များတယ်။ ဝယ်လို့ကလည်းသိပ်မရဘူး။ ရှိတာတော့ရှိတယ်။လမ်းတွေကလည်း ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ နားထားလိုက်ကြတာ” လို့ ဗန်းမောက်မြို့ ကံရွာအနီးမှာရွှေမျှောလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။ 

ဗန်းမောက်မြို့ရဲ့ ဧရိယာ အများစုမှာ ရွှေမျှောတူးဖော်မှုတွေရှိနေပြီး လက်ရှိအခြေအနေအရ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သုံးပုံနှစ်ပုံခန့်က ရပ်နားထားရတယ်လို့လည်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *