
နိုဝင်ဘာ ၁၇၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိ မဲတော၊ ပန်းတော ဘက်တွင် ကုန်ကားများနှင့် ဆီကားများအစီး (၅၀) ကျော်ရောက်ရှိနေပြီး ကျွန်းကုန်းကျေးရွာနှင့် ညှောင်ခြေထောက်ကျေးရွာတွေမှာ ပိတ်နေတယ်လို့ ဒေသခံများထံများမှသိရပါတယ်။
” ဆီကားတွေရော၊ ကုန်ကားတွေရော ကျွန်းကုန်းနဲ့ ညောင်ခြေထောက်ဘက်ပိတ်နေတာ အဲမှာက ဆီတစ်ပါကို ၁၂၀၀၀၀၀ ကျပ်ပဲရှိတာ တောလမ်းကနေကယ်ရီတွေနဲ့ပြန်သယ်ရတော့ ဈေးကအရမ်းကွာသွားပြီး လမ်းရဲ့သယ်ယူစရိတ်က ၄၀၀၀၀၀ ကျော်လောက်ကြတယ်။ မလွယ်ဘူးမိရင်တော့ လိုင်ဇာကိုပို့မယ်လို့သူတို့ကပြောတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
လမ်းပိုင်းပိတ်ထားမှုတွေကြောင့် ရွှေတော်ဆိပ်ကမ်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း ၃၀ ၊ ပရီမီယမ်ဒီဇယ် နဲ့ ဓာတ်ဆီတစ်ပေပါ စျေးနှုန်းဟာ ကျပ်သိန်း ၃၀ ကျော်အထိမြှင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကုန်ကားတွေကို ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် အဆိုပါ ဆိပ်ကမ်းမှာ ကြက်ဥ ၃လုံး ၁ သောင်း၊ ကြက်သွန်နီ ၁ ပိဿာ ၄ သောင်းကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၇ သောင်းကျပ် နဲ့ ဆား ၁ ပိဿာ ၂ သောင်းကျပ်အထိ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။
ဗန်းမောက်အနောက်ဘက်ခြမ်းကို ဗန်းမောက်ပအဖ ကအင်တာနက်နဲ့ ကုန်စည်ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားတာကြောင့် ဒေသခံများနှင့် ရွေ့ပြောင်းအလုပ်သမားများ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှစပြီး ဒီနေ့အထိ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေဆဲလို့ သိရပါတယ်။
