
ဧပြီ ၂၂ ၊ ဗန်းမောက်
စစ်ကိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ပေါ်မှာရှိ ဦးစက်ချန့်မိသားစုရွှေဆိုင်အတွင်း ဝင်ရောက်လာတဲ့ အမျိုးသားနှစ်ယောက်က ဆိုင်ပိုင်ရှင်၏ အငယ်ဆုံးသမီးဖြစ်တဲ့ မလီဖန်းကို ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းမှာ ဓားနဲ့ ထိုးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
“ ခိုးမလို့ ဝင်တဲ့သဘောပါ့နော။ ပစ္စည်းကတော့ လစ်ရင် လစ်သလိုး ခိုးမှာပေါ့။ လူမိတဲ့အခါကြတော့ ဆိုင်ရှင်ကို ထုလား ထောင်းလား။ အဖွားကြီးကို ထု။ တရုတ်မ အငယ်မကိုကတော့ ဓားနဲ့ ထိုးထားခဲ့တယ်။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဓားထိုးခံရတဲ့ ရွှေဆိုင်ပိုင်ရှင်၏ အငယ်ဆုံးသမီး မလီဖန်း ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမျိုး မရှိဘူးလို့ သိရှိရပါတယ်။
ရွှေဆိုင်အတွင်း အမျိုးသားနှစ်ဦး ဝင်ရောက်လာသည့် ပုံစံတွေကို (CCTV)မှတ်တမ်းအရ နောက်ထပ် သတင်းအရင်းအမြစ်က အခုလို ပြောပြပေးခဲ့ပါတယ်။
“မျက်နှာဖုံး မစွပ်ဘူး။ ဦးထုပ် ဆောင်းထားတယ်။ နောက် မတ်(Mask) ထပ်ထားတယ်။ မတ်(Mask) တောင်မှ ဒီကောင်တွေက အိမ်ထဲမှာ ရောက်မှ တပ်တာ။ လာတဲ့ပုံစံက ပစ္စည်းပေါင်မလိုလို အဲ့လိုပုံစံမျိုးနဲ့ ဝင်တာနဲ့တူတယ်။ အထဲမှာ ရောက်မှ သူတို့က ပစ္စည်းကို လုဖို့ရာ လုပ်တဲ့သဘောရှိတယ်။”
ဦးစက်ချန့်မိသားစုရွှေဆိုင်သည် ရွှေအရောင်းအဝယ်နှင့် အပေါင်လုပ်ငန်း လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိဗန်းမောက်မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားဝိုင်းများရှိနေပြီး လောင်းကစားရှုံးလို့ ယခုလို ခိုးဆိုးလုနှိုက်မှုတွေ ဖြစ်လာရတာလို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။