ဖေဖော်ဝါရီ ၂ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့၊ အောင်သာကုန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
” PDF တွေက အရင်လာပစ်တယ်လို့ ပြောတာပဲ။ အဲ့ဒီ အောင်သာကုန်းဂိတ်နားမှာလို့ ပြောတယ်။ အဲ့ဒါကိုမှ ပြန်ပစ်တာတဲ့လေ စစ်သားတွေက။ သေနတ်နဲ့လည်း ပစ်တယ်။ လက်နက်ကြီးနဲ့လည်း ထုတယ်လို့ ပြောတာကော။ ဟုတ်မဟုတ်တော့ မသိဘူးပလေ PDF တစ်ယောက်ကို ဖမ်းမိထားတယ်လို့ ပြောတာပဲ”လို့ ဗန်းမောက်မြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုက မချိန်မကြာပဲ မိနစ်အနည်းငယ်အတွင်းမှာ ပြီးစီးသွားတာဖြစ်ပြီး အထိအခိုက်တွေ မရှိကြောင်း ဒေသခံတချို့ကဆိုပါတယ်။
“ကြာသလားဆိုတော့ မကြာပါဘူး အဲ့ဒီလောက်ကြီးလည်း။ အရင်ကလိုတော့ မကြမ်းပါဘူး မကြာပါဘူး။ ခဏပါပဲ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ကြားသိရတဲ့ ဖြစ်စဉ်ကိုပြောပြပါတယ်။
ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်အတွင်းမှာ အင်းတော် PDF အဖွဲ့တွေက လာရောက်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲ့အချိန်ကမီးသတ်တစ်ဦး နဲ့ ရဲတစ်ဦးထိခိုက်သေဆုံးခဲ့ပါတယ်။
PDF တွေက ဗန်းမောက်မြို့ပေါ်ရှိ မြို့နယ်ရဲစခန်းကိုလည်း ၂၀၂၂ ခုနှစ်အတွင်းမှာ လေးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။