ဗန်းမောက်အနောက်ခြမ်းဒေသတွေမှာ ကျောင်းဆရာ/မ မလုံလောက်မှုကြောင့် ရှမ်းနီဘာသာသင် ဆရာ/မတွေက ကူညီသင်ကြားပေးနေရ 

နိုဝင်ဘာ ၁၄ ၊  ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေမှာ အစိုးရခန့်ထားတဲ့ ဆရာ/မတွေဟာ ကျေးရွာ ၄၀ ဝန်းကျင်မှာ ဆယ်ဂဏန်းခန့်သာ ရှိတော့တာကြောင့် ရှမ်းနီဆရာ/မတွေနဲ့သာ အင်အားဖြည့်ပြီး သင်ကြားနေရတယ်လို့သိရပါတယ်။ 

ဆရာ/မတွေက နိုင်ငံတော်ကခန့်ခဲ့တဲ့ ကျောင်းသုံးစာအုပ်ကို သင်ဖို့အတွက် ခန့်ခဲ့တဲ့ ဆရာ/မတွေက မလုံလောက်တော့  ကျွန်တော်တို့  မော်ဆွန် ဆရာ/မတွေက  ကျွန်တော်တို့ တိုင်းရင်းသားစာပေကို  ဦးစားပေးပြီးသင်နေရတဲ့အဆင့်လည်းသိပ်မရှိဘူးဗျ ။ ကျောင်းစာတွေကိုတွဲပြီးတော့မှ သင်နေရတယ်။  သူတို့မှာတော့ တာဝန်တွေပိနေတာ” လို့ ဗန်းမောက်အနောက်ခြမ်းမှာ စာသင်ကြားနေတဲ့ ရှမ်းနီဆရာတစ်ဦးက ပြောပါတယ်။ 

အခုလို ကျောင်းစာတွေကို တွဲဖက်ပြီး သင်ကြားပေးနေရပေမယ့်လည်း နိုင်ငံတော်က ပေးအပ်တဲ့ လစာငွေတွေကို မရရှိကြဘဲ ကျေးရွာက ထောက်ပံ့တဲ့ငွေတွေကိုသာ ရရှိနေကြတာဖြစ်တယ်လို့သိရပါတယ်။ 

ဗန်းမောက်မြို့နယ်အနောက်ခြမ်းက စာသင်ကျောင်းတွေမှာ  သင်ကြားနေတဲ့ ရှမ်းနီဘာသာသင် ဆရာ/မ နဲ့ Teacher Assisant တွေဟာ ယခု ပညာသင်နှစ်အတွင်းမှာ နိုင်ငံတော်ဆီက  လစာငွေ လုံးဝမရရှိကြသေးဘူးလို့လည်း သူရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

အခုချိန်ထိ ကျွန််တော်တို့ နိုင်ငံတော်က ပေးတဲ့လစာ တစ်ပြားတစ်ချပ်မှ မရသေးပါဘူးဗျ။ နိုင်ငံတော်က ခန့်ထားတဲ့ဆရာ/မတွေလည်းရှိတယ် ဦးရေတော့နည်းတယ် ။ TA ဆရာ/မတွေက လစာမရဘူးခင်ဗျာ့။ ဘတ်ဂျက်ရှိလားမရှိလားမသိဘူး” လို့ သူက ဆက်ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသာဘာသာ သင်ကြားနေတဲ့ ဆရာ/မ ( Language Teacher LT)  နဲ့ Teacher Assistant (TA) တွေဟာ လစာငွေလုံလောက်မှု မရှိတာကြောင့် အလုပ်ထွက်သူဦးရေ များပြားလာတယ်လို့ သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေဆီကနေ သိရပါတယ်။ 

စာသင်ကျောင်းတွေမှာ  သင်ကြားနေတဲ့ဆရာ/မ ဦးရေနည်းပါးလာတဲ့နေရာမှာ ရှမ်းနီလူငယ်တွေ နဲ့ ရှမ်းနီဘာသာသင် ဆရာ/မတွေက ဝင်ရောက်ကူညီပြီးသင်ကြားပေးနေတာ သုံးနှစ်နီးပါးရှိခဲ့ပြီလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ စစ်ကောင်စီ ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ကျေးလက်ဒေသတွေမှာ ဆရာ/မလှစ်လပ်မှု ၊ ကျောင်းပိတ်ထားရမှုတွေကြောင့် ကလေးငယ်သိန်းနှင့်ချီ ပညာသင်ခွင့်ဆုံးရှုံးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *