ဗန်းမောက်အနောက်ပိုင်းကိုသွားမည့် စက်သုံးဆီကားများကို တော်လှန်ရေးအင်အားစုများက ထပ်မံပိတ်ပင်ထား

ဖေဖော်ဝါရီ ၅ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသများကို သွားမည့် ကားများကို ဗန်းမောက်တော်လှန်ရေးအင်အားစုများက ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ကာ ထပ်မံပိတ်ပင်လိုက်ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရပါတယ်။

ဗန်းမောက်မြို့နယ်အနောက်ပိုင်းမှာ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ယမန်နေ့ မနက်ပိုင်းအထိ ဆီကားတွေ အဝင်ရှိခဲ့ပေမယ့် ညနေပိုင်းမှာတော့ ဆီကား အဝင်မရှိတော့ဘူးလို့ ရှမ်းနီအသံကို ပြောပါတယ်။

“ မနေ့က မနက်ပိုင်းအထိတော့ ဆီကားတွေ ဝင်လာသေးတယ်။ မနက်ပိုင်း ဝင်ပြီးတော့ ညနေပိုင်းတော့ ပိတ်လိုက်ပြီတဲ့။ ဗန်းမောက်သွားတဲ့လူတွေတောင် ညအိပ်ထားရတယ်။ အဲ့ဒါ ဒီနေ့ ပြန်ခဲ့လို့ ရမလား မရဘူးလားတော့ မသိသေးဘူး။ လမ်းကတော့ မနေ့က ညနေပိုင်းကစပြီးတော့ ပိတ်လိုက်ပြီ” လို့ ၎င်းက ပြောပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသကို တော်လှန်ရေးအင်အားစုများက မကြာခဏဆိုသလို ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်တားဆီးလေ့ရှိကာ ကုန်ပစ္စည်းသယ်ယူခွင့် ရရှိချိန်မှာလည်း ၎င်းတို့သတ်မှတ်ထားသည့် အရေအတွက်ပမာဏအတိုင်းသာ ဒေသခံများက သယ်ယူကြရပါတယ်။

“ဒီကနေ့တော့ မဝင်လာသေးဘူး။ ကားသံတွေလည်း မကြားရသေးဘူး။ ဒီဇယ်ကားတွေ ဝင်လာတာလည်း မတွေ့ရသေးဘူးလေ။ မလွတ်ခဲ့သေးဘူးထင်တယ်။ လမ်းက ပိတ်ထားတုန်းနေမှာပါ။” လို့ ဗန်းမောက်အနောက်ပိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့မှ အနောက်ပိုင်းဒေသသို့ သွားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစမှ ပိတ်ပင်ခဲ့ပြီး တစ်ပတ်ကျော်အကြာ ပြန်ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နှင့် ကပ်ရပ် ဟုမ္မလင်းမြို့နယ်အတွင်းကိုလည်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နေရာထက်ကျော်လွန်ပြီး စက်သုံးဆီသယ်ယူခွင့်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးက တားမြစ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *