ဗန်းမောက်-ဟုမ္မလင်း လမ်းပိုင်း ပြုပြင်မှုစတင် 

၂၀၂၅ ဇန်နဝါရီ ၉ ၊ ဗန်းမောက်

ရှမ်းနီသံဃာတော်များနှင့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များဖောက်လုပ်ထားသည့် ဗန်းမောက်-ဟုမ္မလင်း မြို့နယ်ချင်းဆက် မြေသားလမ်းပိုင်းတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြုပြင်မှုများပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ဗန်းမောက်နယ်နဲ့ ဟုမ္မလင်း နယ်ချင်းဆက်လမ်းပိုင်းတွေကို  တောက်လျှောက် SNA တပ်မဟာ ၆၁၄ က ဦးဆောင်ပြီး လမ်းတွေပြုပြင်နေတာလေးတွေပြုလုပ်နေတယ်”​လို့ SNA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်ရဲ့အဓိက ကုန်စည်တွေကို ဗန်းမောက်မြို့နယ်ကနေသာ သယ်ယူနေရတာဖြစ်ပြီး မိုးရာသီတွင် ချောင်းကြီးချောင်းကိုအသုံးပြုပြီး စက်လှေငယ်တွေနဲ့ သယ်ယူနေကြရတာဖြစ်ပါတယ်။ 

လက်ရှိ ဆောင်းရာသီမှာ ကုန်းလမ်းကိုအသုံးပြုပြီး ဗန်းမောက်- နမ့်တော – ဟုမ္မလင်း ကို စက်သုံးဆီများအပါအဝင် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ပစ္စည်းများကို သယ်ယူပို့ဆောင်နေကြရတယ်လို့ ဗန်းမောက်ဒေသခံတစ်ဦးက ဆိုပါတယ်။ 

ဟုမ္မလင်း လမ်းဟောင်းဖြစ်တဲ့ ကောလင်း – ဖောင်းပြင် -ဟုမ္မလင်း လမ်းပိုင်းကို တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းကစပြီး ပိတ်ထားကာ ယခုဗန်းမောက်-ဟုမ္မလင်းလမ်းကို အဓိကအဖြစ် အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။ 

ဒီလမ်းပိုင်းက မြေသားလမ်းနဲ့ တောင်ကျော်လမ်းတစ်ခုဖြစ်တာကြောင့် မိုးရွာရင် ရွှံ့နွံထူပြီးသွားလာရခက်ခဲတာလည်းဖြစ်ပါတယ်။ 

မန္တလေး – ဟုမ္မလင်းခရီးစဉ် ကြာချိန်ကို ငါးနာရီလောက်လျှော့ချနိုင်တဲ့လမ်းပိုင်းတစ်ခုဖြစ်ပြီး လက်ရှိမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေရတဲ့ လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ် ကံကုန်းကျေးရွာကနေ ဟုမ္မလင်းမြို့နယ် နန့်စက်အထိ ၄၂ မိုင်သာရှိပြီး ပုံမှန်မောင်းချိန် ၂ နာရီဝန်းကျင်သာရှိရုံသာမက နေ့ချင်းသွားလာလို့ရတဲ့လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *