ဒီဇင်ဘာ ၉ ၊ ဗန်းမော်
တစ်ပတ်နီးပါးကြာမြင့်လာတဲ့ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ဗန်းမော်မြို့ဒေသခံများဟာ ရရာလမ်းကြောင်းတွေနဲ့ မြို့တွင်းကနေ ထွက်ခွာတိမ်းရှောင်တာတွေကို ပြုလုပ်နေကြရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
နှစ်ဖက်တပ်ဖွဲ့များဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့များနဲ့ KIA +PDF ပူးပေါင်းတပ် တို့က ယမန်နေ့ကနေစတင်ပြီး သုံးရက်အတွင်း ရှောင်တိမ်းခွင့်ပြုထားတယ်လို့လည်း ဒေသခံများအကြားပြောဆိုမှုတွေရှိနေပါတယ်။
“ ကုန်လုံးရှောင်ဖို့ဆိုတာမလွယ်ဘူးလေ ဘယ်လောက်ရှောင်ခဲ့ကြလဲဆိုတာတော့မသိနိုင်ဘူး ဘာလို့ဆိုမိသားစုအချင်းချင်းတောင် ဖုန်းကဆက်မရဘူးလေ မိတ်ဆွေတစ်ယောက်ရဲ့အမျိုးသမီးနဲ့သားတို့ ရှောင်ထွက်ခဲ့ကြတဲ့အချိန်မှာ သူ့သားကမန္တလေးရောက်ခဲ့ပြီ အမျိုးသမီးကိုကျဖုန်းအဆက်အသွယ်မရတော့ ဘယ်နားရောက်နေလဲမသိကြဘူးတဲ့ ဒါမျိုးတွေဖြစ်နေတာလေ” ဟု ဗန်းမော်မြို့ကနေ မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။
စစ်ဘေးတိမ်းရှောင်သူများက ရိုးကြီးရပ်ကွက်ရှိ တာပိန်မြစ်ကို ကန့်လန့်ဖြတ်တည်ဆောက်ထားသော ဝါးတံတားကနေ ဆိုင်ကယ်များဖြင့် မိုးမောက်မြို့နယ် မန်
နောင်ကျေးရွာကနေတစ်ဆင့် လွယ်ဂျယ်မြို့ဘက်သို့တိမ်းရှောင်သူများရှိနေသလို ရေကြောင်းမှ မော်တော်စက်လှေများဖြင့် ကသာမြို့မှ မိုးညှင်းမြို့နဲ့မန္တလေးမြို့များသို့ တိမ်းရှောင်ခြင်းများလည်းရှိနေကြကြောင်း ဆိုပါတယ်။
မြို့တွင်းမှာ ဒီဇင်ဘာလ (၄)ရက်နေ့ကနေ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ကာ ယနေ့အချိန်ထိ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံဆယ်နဲ့ချီ သေဆုံးမှုတွေရှိနေတယ်လို့ကြားသိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ သေတဲ့သူတွေရှိတာပေါ့ မသေဘဲနဲ့မရှိဘူးလေ လူနေအိမ်တွေဘာတွေဗုံးချပြီဆိုရင် ထိတယ်လေ မြို့ထဲမှာလည်းဟိုဘက်က (KPDF)ဝင်ပြီဆို သူတို့(စစ်ကောင်စီတပ်)သိရင် ဘယ်နေရာဘာအဆောက်အဦးပဲဖြစ်ဖြစ် အေ့လိုဗုံးချပစ်တာလေ လူတွေမသေပဲမနေဘူးလေ လူတွေသိန်းနဲ့ချီပြီးရှိထားတဲ့မြို့မှာ နေရာတကာလူတွေကပြည့်နေတာ” ဟု သူကဆက်ပြောပြပါတယ်။
ဗန်းမော်မြို့မှာ (၂၀၁၄)သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော်နေထိုင်ပြီး ယခုနောက်ပိုင်း ခရိုင်အတွင်းက မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်သူအများစုက ဗန်းမော်မြို့မှာခိုလှုံနေကြကာ မြို့တွင်းမှာလူဦးရေနှစ်သိန်းကျော်ခန့်ရှိနေတာလည်းဖြစ်ပါတယ်။