ဒီဇင်ဘာ ၁၇ ၊ ဗန်းမော်
ဗန်းမော်မြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မြစေတီကျေးရွာနေ အသက်(၁၄) နှစ်အရွယ် မိန်းကလေးကို KIA မှ ဒီဇင်ဘာလ (၈) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏မိသားစုနှင့်နီးစပ်သူ နှင့် မြန်မာပြည်မြောက်ပိုင်းရှမ်းရေးရာအဖွဲ့ထံမှ သိရသည် ။
“လယ်ရိတ်သိမ်းတဲ့နေရာမှာ လာခေါ်သွားတာ၊ အသက်ကတော့ (၁၄) ကျော် (၁၅) တော့ရှိပြီ ကျောင်းတက်တယ် (၉)တန်းရှိပြီ ဒီရောဂါအခြေအနေတွေကြောင့် ကျောင်းတွေကပိတ်နေတာ” ဟု ဖမ်းဆီးခံထားရသူမိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့်နေရာသည့် မြစေတီကျေးရွာနှင့် (၇)မိုင်အကွာရှိ ၎င်းတို့၏လယ်ကွက်တွင်ည (၁ဝ) နာရီအချိန်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကို ပြောဆိုသွားခြင်းမရှိကြောင်း၎င်းက ဆိုသည်။
“ သူတို့စိတ်ပူပန်နေကြတာပေါ့ ၊ မိဘနှစ်ပါးလုံးကတော့ရှိသေးတယ်။ အဖေဖြစ်သူကလည်း ခြေထောက်ကျိုးထားတာ ၊ အမေဖြစ်သူကလည်း ကလေးနို့စို့နဲ့ သူတို့လုပ်ကိုင်စားသောက်ဖို့က တော်တော်လေးကြပ်တည်းတယ်။ အခု ကလေးက သမီးအကြီးဆိုတော့ ဒီကျောင်းတက်ရင်းနဲ့ပဲ ကျောင်းနားတဲ့အချိန် လုပ်ကျွေးကိုင်ကျွေး အထောက်အကူပြုနေတာပေါ့ “ ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
အဆိုပါ ဖြစ်စဉ်ကို UN ကလေးသူငယ်များအခွင့်အရေးကော်မတီ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တင်ပြထားကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့မှ ဦးခင်မောင်အေးကဆိုသည် ။
၂ဝ၂ဝ ခုနှစ်တွင်းတွင် ကချင်ပြည်နယ်တွင် KIA မှ ဖမ်းဆီးခေါ်ဆောင်မှု စုစုပေါင်း ၃ဝ ခုကျော်ဖြစ်ပွားခဲ့ ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။