ဗန်းမော်မြို့နယ်မှာ  အခြေခံစားသောက်ကုန်စျေးနူန်းအားလုံးနီးပါးမြင့်တက်နေသော်လည်း တောင်သူတွေ စပါးဈေးကောင်းမရ

မတ် ၂၁ ၊ ဗန်းမော် 

ဗန်းမော်မြို့နယ်မှာ အခြေခံ စားသောက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းအားလုံးဟာ စျေးနှုန်းမြင့်တက်နေပေမယ့် တောင်သူတွေအတွက် စပါးစျေးနှုန်းက လိုက်ပါမြင့်တက်မှုတွေ မရှိတာကြောင့် အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောဆိုကြပါတယ်။ 

စပါး လေးတင်းရောင်းမှ ဝက်သားတစ်ပိဿာစားနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ တောင်သူတစ်ဦးက အခုလိုပြောပါတယ်။ 

“ၷꩫ်ꩼၷဝ်ႍကေႃႍ ဢမ်မီးလေ..(စပါးစျေးတွေလည်းမရှိဘူးလေ။  ဝက်သား တစ်ပိဿာ (၅၀၀၀၀) ရှိနေတယ်၊ စပါး (၁) တင်းမှ ၁၅၀၀၀ ကအမြင့်ဆုံးဆိုတော့၊ စပါး (၃)တင်း၊ (၄) တင်းလောက်ရောင်းမှ ဝက်သားတစ်ပိဿာရတယ်။ ဒါကြောင့် မစားလောက်တော့ဘူး ” လို့ ဗန်းမော်မြို့နယ် တောင်သူမိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် စပါးတစ်တင်းဈေးက ဓာတ်ဆီ တစ်လီတာခန့်သာရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် လာမယ့်နှစ်တွေမှာ စိုက်ပျိုးဖို့အရေး အခက်ကြုံလာနိုင်တယ်လို့လည်းဆိုကြပါတယ်။ 

ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့  စစ်ရေးအခြေအနေတွေကြောင့် စပါးဈေးလျော့နည်းနေတာအပြင် တောင်သူအချို့က လယ်ယာလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးတာမျိုးမပြုတော့ပဲ တစ်နှစ်ဝမ်းစာ ဖူလုံရုံလောက်သာ စိုက်ပျိုးလာကြတော့တယ်လို့လည်း လေ့လာသိရှိရပါတယ်။

 “ကုန်ဈေးနှုန်းတွေကကြီး၊ လယ်တွေလည်း သိပ်မလုပ်ချင်ကြတော့ဘူး။ ငါတို့အိမ်ကလည်း လာမယ့်နှစ်တောင် တစ်ဧက၊ နှစ်ဧကလောက်ပဲ၊ စားလောက်ရုံလေးပဲလုပ်မှာ၊ စားဖို့လေးပဲ၊ လယ်စားအကုန်မစိုက်ဘူး။ ” လို့ ဗန်းမော်မြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။

လက်ရှိ ဗန်းမော်မြို့မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပြီး၊ ကျေးရွာတချို့မှာ စစ်ကောင်စီနှင့် KIA+PDF တွေရဲ့ သုံးလတစ်ကြိမ် စစ်သားစုဆောင်းမှုတွေကြောင့် ဒေသခံလူငယ်တွေ ပြည်ပထွက်ခွာ.အလုပ်လုပ်ကိုင်မှု များပြားလာနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *