ဗန်းမော်မြို့ပေါ်မှာ လူဦးရေထူထပ်ပြီး ကုန်စည်များစျေးနူန်းကြီးမြှင့်မှုနဲ့ မလောက်ငှမှုများကြုံနေကြ

ဇူလိုင် ၁၇ ၊ ဗန်းမော် 

     ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေထိုင်နေသူများပြားနေပြီး လူဦးရေထူထပ်နေတဲ့အပြင် ကုန်စည်စျေးနှုန်းကြီးမြှင့်မှုတွေနဲ့ မလောက်ငှမှုတွေကို ခံစားနေကြရတယ်လို့ ဒေသခံများထံကနေသိရပါတယ်။

    ဗန်းမော်မြို့ကို ကုန်စည်များဝင်ရောက်တဲ့လမ်းပိုင်းအားလုံး တိုက်ပွဲဖြစ်ပွားနေပြီး တားမြစ်ပိတ်ပင်မှု၊ထိန်းချုပ်မှု တွေရှိနေတွေကြောင့် စျေးနူန်းကြီးမြှင့်မှုတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

    တရုတ်ပြည်ကနေ လူသုံးကုန်ပစ္စည်း၊ အထည်အလိပ်၊ စက်မှုလက်မှုသုံးပစ္စည်းတွေအများဆုံးတင်သွင်းတဲ့ လွယ်ဂျယ်-ဗန်းမော်လမ်းပိုင်းမှာ ယာဉ်အကြီးတွေနဲ့သယ်ဆောင်ဖြတ်သန်းတာ မရှိသလောက်ဖြစ်နေတယ်လို့  မြို့ခံတစ်ဦးက ဆိုပါတယ်။

   ‘လွယ်ဂျယ်ဘက်ကတော့ ၁၂ ဘီးကားတို့ လော်ရီကားကြီးတွေနဲ့ တင်တာတော့မရှိသလောက်ဖြစ်နေပြီ နည်းတယ် မတွေ့သလောက်တောင်ပြတ်တယ် ဘာလေးတွေနဲ့လာကြလဲဆိုတော့ Super Custom လိုဟာမျိုးပေါ့နော် နောက်ပြီးတော့ ပါဂျဲရိုးလိုကားမျိုးတွေလောက်နဲ့ပဲ သယ်နေကြတဲ့သဘောပေါ့နော် အဲလိုပဲသိရတယ်’

    ဒီယာဉ်အသေးစားတွေနဲ့တင်သွင်းနေတာတွေကလည်း  ပြတ်တောင်းပြတ်တောင်းသာရှိနေပြီး မြို့ပေါ်လူဦးရေနဲ့ ဘယ်လိုမှလောက်ငှမှုမရှိနေဘူးလို့ သူကဆိုပါတယ်။

     စားသုံးကုန်အများဆုံးတင်သွင်းတဲ့ မန္တလေး-ဗန်းမော်လမ်းပိုင်းကနေလည်း ကုန်းကြောင်း၊ရေကြောင်းနှစ်မျိုးဖြင့်  ဝင်ရောက်နေရတာကြောင့်   မြို့တွင်းမှာ စားသုံးဆီဆယ်ပိဿာတစ်ပုံးကို နှစ်သိန်းနီးပါး၊ ဆင်းဧကရီ-၃ဆန်တစ်အိတ်ကို တစ်သိန်းဝန်းကျင်ရှိပြီး  စက်သုံးဆီတစ်လီတာကို (၄)ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။  

    ‘လာရတဲ့လမ်းကလည်းကွေ့ပတ်ပြီးတော့လာရတယ် နောက်ပြီးသယ်ယူပို့ဆောင်ရတဲ့အခါမှာ ကားတစ်တန်၊လှေတစ်တန်နဲ့ဆိုတော့ တင်ခချခတွေ  Label charges တွေလည်းများတာပေါ့နော့ နောက်ပြီးတော့ သယ်ယူစရိတ်များလာတာက ဘာကြောင့်လဲဆိုတော့ ဆီစျေးကြောင့်ဖြစ်တာပဲ အဲဒီတော့ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာပေါ့နော်’ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

    ဒီလိုဖြစ်နေရခြင်းဟာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှုတွေ၊ နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိတာတွေအပြင်  ရေဘေးအန္တရာယ်ဖြစ်ပွားနေမှုတွေကြောင့်လည်း ပါဝင်ပါတယ်။ 

   ဗန်းမော်မြို့ပေါ်ကို မန်စီမြို့နယ်၊ မိုးမောက်မြို့နယ်အတွင်းက ဒေသခံတွေစစ်ဘေးတိမ်းရှောင်လာတာဟာ မတ်လအစောပိုင်းကနေစတင်ပြီး ယခုလအထိ (၄)လကျော်ကြာမြင့်လာပြီလည်းဖြစ််ကာ မံစီမြို့နယ်ရဲ့အချို့ကျေးရွာတွေမှာ ပြန်လည်နေထိုင်နေကြပြီဖြစ်ပေမယ့် မြို့ပေါ်တွေမှာတော့ လုံးဝနေထိုင်လို့မရသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *