ဗန်းမော်မြို့ မြောက်ဘက်ခြမ်းရှိ ရပ်ကွက်(၆)ခုနဲ့ တပ်စခန်းအားလုံးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဟု စစ်တပ်ဆို

စက်တင်ဘာ ၁၂ ၊ ဗန်းမော် 

ဗန်းမော်မြို့ရဲ့ မြောက်ဘက်ခြမ်းတစ်ခုလုံးရှိ ရပ်ကွက်(၆)ခုနဲ့ တပ်စခန်းအားလုံးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ စစ်တပ်က ဒီနေ့စက်တင်ဘာ(၁၂)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။

ဗန်းမော်မြို့အရှေ့မြောက်ဘက်ရှိ နမ့်ဖားကျေးရွာက နမ့်ဖားစခန်းနဲ့ တပ်ဌာနချုပ်(၄)ခု၊ မြို့တွင်းရှိ နောင်ခိုရပ်ကွက်၊မင်းလှရပ်ကွက်၊ပင်စင်ကုန်းရပ်ကွက်၊ညောင်ပင်ရပ်ကွက်နဲ့ခွန်သာရပ်ကွက်တို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ 

ဒါ့အပြင် ဗန်းမော်လေဆိပ်ကိုလည်းပြန်လည်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဗန်းမော်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။

စစ်တပ်ဘက်က လေယာဉ်ကွင်းတို့ လေယာဉ်ကွင်းနဲ့ကပ်လျက် (၂၃၆)တပ်ရှိတယ်လေ အဲ့ဒီနှစ်ခုကိုလည်း ပြန်ရသွားပြီလို့ပြောတယ်” ဟုသူကဆိုပါတယ်။

ဒီတပ်စခန်းတွေကို စစ်တပ်က ပြန်လည်သိမ်းယူလိုက်တာကြောင့် KIA+PDF ပူးပေါင်းတပ်တစ်ချို့ဟာ ၎င်းတို့  အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ မိုးမောက်မြို့ဘက်သို့ ဆုတ်ခွာသွားကြကြောင်း သိရပါတယ်။

 “ မံစီတို့မိုးမောက်တို့ကတော့ ဗန်းမော်ကိုအကုန်လုံးသိမ်းပြီးရင် သူတို့(စစ်တပ်)ကဆက်သိမ်းလိမ့်မယ်လို့ထင်တယ် ဘာလို့လဲဆိုရင် မိုးမောက်နဲ့ဗန်းမော်နဲ့က အများကြီးကပ်တာလေ မိုးမောက်သွားတဲ့လမ်းကြောပေါ်မှာဆိုရင် စစ်တပ်တွေလည်းရှိတာကြောင့် အဲ့ဒီစစ်တပ်တွေနဲ့တအားကပ်သွားပြီလေ အဲ့လောက်အနီးကပ်ကြီးမှာ ရန်သူထားထားမယ်လို့မထင်ဘူး” သူကဆက်ပြောပြပါတယ်။

၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရှစ်လအကြာဟာ ပူးပေါင်းတပ်ဖွဲ့များရဲ့ မြို့သိမ်းထိုးစစ်ဆင်မှုတွေကို ခုခံခဲ့ရကြောင်း စစ်တပ်က ဆိုထားပါတယ်။

ထောက်ပို့ စစ်သင်္ဘောတွေရောက်ရှိသွားပြီးတဲ့ ဩဂုတ်လကစလို့ စစ်တပ်ဟာ ခုခံစစ်ကနေ ထိုးစစ်အဖြစ်ပြောင်းလဲခဲ့ပြီး  တစ်လကျော်အကြာမှာ မြို့တစ်ဝက်ခန့်ကို ပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

KIA+PDF ပူးပေါင်းတပ်ဖွဲ့များဘက်ကတော့ အခုလိုနယ်မြေပြန်လည်လက်လွှတ်မှုတွေရှိလာပြီး တိုက်ပွဲများကြောင့် ဆုံးရှုံးသွားတဲ့တပ်သားအင်အားများနေရာမှာ ပြန်လည်ဖြည့်တင်းစုဆောင်းမှုတွေကို မိုးမောက်မြို့နဲ့ မံစီဘက်တို့မှာ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

“လက်ရှိအတိုင်းဆို ဟိုဘက်(KIA+PDF)က လူတောင်ထပ်ဖမ်းနေရတယ်ဆိုတော့ လူအားလည်းနည်းနည်းလျော့သွားတဲ့ပုံစံဖြစ်လိမ့်မယ် သူတို့ဘက်က လူငါးရာထိလောက်ပြန်ရတယ်ပြောတယ် ဒီလိုလူတွေပြန်ဖြည့်ဖို့ ထပ်ဖမ်းနေရပြီဆိုကတည်းက သူတို့လူအင်အားလိုအပ်ချက်ရှိနေပြီလို့ ခန့်မှန်းလို့ရတာပေါ့ “ဟု  လူအင်အားဖြည့်တင်းနေတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက ဆိုပါတယ်။

ဗန်းမော်မြို့နယ်အတွင်းတိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမော်ခရိုင်ထဲက ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့  မံစီ၊ မိုးမောက်မြို့နယ်တွေမှာတော့ KIA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက ပုံမှန်လည်ပတ်နေတဲ့အခြေအနေမှာဆက်ရှိနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *