ဗယ်လင်တိုင်းဒေးနေ့က တိုက်ပွဲကြောင့် ဖားကန့်၊လုံးခင်းကျေးရွာမှာ သေဆုံးသူ (၁)ဦးနဲ့ထိခိုက်ခဲ့သူ (၆)ဦးရှိခဲ့

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက်တွေ့ရသည့်မြင်ကွင်း/ Credit

ဖေဖော်ဝါရီ(၁၅)၊ ဖားကန့်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ခွန်ဆာကုန်း မြို့မရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက  မနေ့ကဖေဖော်ဝါရီ (၁၄)ရက်နေ့ ဗယ်လင်တိုင်းဒေးနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံများထံမှ သိရပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကြောင့် ကျေးရွာတွင်း ကလေးငယ်(၄)ဦးအပါ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း နီးစပ်သူများက ပြောပြပါတယ်။

“ ထိခိုက်ဒဏ်ရာရတဲ့သူတွေက သူတို့နည်းသူတို့ဟန်နဲ့ သွားကြတာတွေလည်းရှိတယ်။ အစ်ကိုတို့သိသလောက်ဆို ထိခိုက်သူ(၆)ဦး လို့သိရတယ် လုံးခင်းငြိမ်းချမ်းသာယာရဲစခန်းကို KPDF တွေဝင်ပစ်တဲ့ကိစ္စကြောင့်  အမျိုးသားတစ်ဦးသေဆုံးတယ်”ဟု ကျေးရွာသားတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်းက ပြည့်စုံကောင်းထမင်းဆိုင်နောက်ကျောမှာ (၆၀ မမ) လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကလေးငယ်(၄)ဦးအပါ (၆)ဦးထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့များက စခန်းကို မနက်အစောပိုင်း(၃)နာရီဝန်းကျင်ကနေ စီးနင်းတိုက်ခိုက်မှုကြောင့်  (၅)နာရီခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းမှာခတ္တရပ်နားကာ ညနေပိုင်း(၃)နာရီမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်မှ လေယာဉ်ပစ်ကူများလည်းရှိခဲ့တာကြောင့်  ဒေသခံများက ဗုံးခိုကျင်းအတွင်း ပုန်းခိုရမှုများရှိခဲ့ကြောင်းလည်း ဆိုကြပါတယ်။

ဒီနေ့ ဖေဖော်ဝါရိ (၁၅)ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ငြိမ်သက်နေပြီး အဆိုပါစခန်းကိုလည်း သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *