
မတ် ၁၇ ၊ လွိုင်ကော်
မတ်လ ဒုတိယအပတ်ထဲ ကရင်နီပြည်နယ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား (၂၅) ဦးကျဆုံးထားပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (၆)ဦးအထိကျဆုံးတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၉ ရက်နေ့ကနေ ၁၆ရက်နေ့ထိ ရှမ်း-ကယားနယ်စပ် ဗိုးဗြဲ ၊မြို့တော်လွိုင်ကော် ၊ ဖရူဆိုနဲ့ ဒီမော့ဆိုမြို့ တို့မှာ တိုက်ပွဲက နေ့စဉ်နီးပါးဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်မှု ၊ မြေပြင်လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ (၁၁) ရက်နေ့က ဒီမောဆိုမြို့နယ် ဒေါရောက်ခူကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းနဲ့ (၈)ကြိမ်တိုင် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာ ၁၃ ရွာက နေအိမ် (၁၅)လုံးထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံရသလို ဘာသာရေးအဆောက်အဦးတွေ နဲ့ စာသင်ကျောင်းတွေကိုလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကို ကရင်နီအမျိုးသားတပ်မတော် KA ၊ ရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ မြို့နယ်အသီးသီးက ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်နေရသူ ၉၃၈၀၀ ရှိတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။