ဩဂုတ် ၁၅ ၊ ဖားကန့်
ဖားကန့်မြို့နယ် ၊မနမှော်ကျေးရွာရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျမှုထဲတွင် သြဂုတ်လ၁၅ ရက်နေ့ နေ့လည်ပိုင်းအထိ ပျောက်ဆုံးနေသူ (၃၀)ကျော်ထဲမှ အလောင်း(၇)လောင်းကို စတင်တွေ့ရှိနေပြီဟု ကယ်ဆယ်ရေးပြုလုပ်နေသူများထံမှ သိရပါတယ်။
မြေစာပုံပြိုကျပြီး နှစ်ရက်ကျော်အကြာမှာ အလောင်း(၇)လောင်းဟာ ကန်အတွင်းမှ ပေါလောပေါ်ထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြေစာပုံပြိုကျမှုဖြစ်ပွားပြီးနောက် ယနေ့အထိ ပျောက်ဆုံးနေသူ ၃၈ယောက်အထိ ရှိလာပြီဖြစ်ပြီး ၎င်းအရေအတွက်ထက် ပိုတိုးများလာနိုင်သည်ဟုလည်း ဆိုကြပါတယ်။
“ခနခနတော့တစ်ယောက်ပြီးတစ်ယောက်တော့တိုးတယ် မနေ့က ညနေပိုင်းအထိတော့ စောစောပိုင်းက ၃၅ယောက်ကနေ ၃၈ယောက်ဖြစ်သွားတယ်တစ်ချို့ကလည်း ပြန်မလာတာတို့ အေ့လိုစာရင်းတွေလာပေးကြတယ် ပြန်မလာတာလည်းရှိတယ် ဆေးရုံကိုလိုက်ကြည့်တယ် ကိုယ့်လူနာမဟုတ်ဘူးဆိုရင်တော့ သေချာပြီအေ့ဆိုပျောက်နေပြီ”ဟု ကယ််ဆယ်ရေးပြုလုပ်နေသူတစ်ဦးက ပြောပြပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် မိုးရွာသွန်းမှုတွေကြောင့် မကြာခဏ ရပ်နားနေရသလို မြေစာပုံလည်း တဖြည်းဖြည်းပြိုကျမှုတွေရှိနေတဲ့အတွက် ရှာဖွေရေးလုပ်ငန်း နှောင့်နှေးရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
အခုလိုပြိုကျမှုဖြစ်စဉ်က မြေစာပုံအထက်မှာ ခါးတစ်ဝက်ခန့်နက်တဲ့ ရေအိုင်ဖြစ်နေပြီး အဲ့ဒီရေများက မြေစာကိုတိုက်စားပြီး မြေစာပုံအောက်မှာရှိတဲ့ ကန်အတွင်းကို မြေစာပုံပြိုကျက ရေတက်လာခြင်းကြောင့် ကျောက်စိမ်းတူးဖော်နေသူတွေဟာ ရေနဲ့အတူမျှောပါသွားတာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိသူတွေက ဆိုပါတယ်။
ဖားကန့်မှာ စွန့်ပစ်မြေစာပုံပြိုမှုတွေဟာမကြာခဏဖြစ်ပွားနေပြီး နှစ်စဉ် အနည်းဆုံး ရေမဆေးသမား တစ်ရာကျော် သေဆုံးနေကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။