နိုဝင်ဘာ ၂၂ ၊ မန္တလေး
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေ တဆင့် အိန္ဒိယနိုင်ငံအထိ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ မူးယစ်မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီက ဖမ်းဆီးရမိတယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။
မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူ ၂၁ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး လတ်တလော ၁၄ ဦးဖမ်းဆီးရမိထားပြီး ၈ ဦးက ဖမ်းဆီးဖို့ကျန်ရှိနေတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ ကလေးဝမှ ကလေးဘက်သို့ ကို စိန်လွင် မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာတဲ့ FUSO ၁၂ ဘီးယာဉ်ကို ရှာဖွေရာမှာ ဘိန်းဖြူ ၅၀.၆ ကီလိုကို ကနဦးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ကွင်းဆက်တွေအနေနဲ့ ကလေးမြို့အတွင်းက ရောင်းဝယ်မှုတွေပြုလုပ်နေသူ ၊ သိုလှောင်ထားသူတွေကို ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုဖမ်းဆီးမှုကနေ ရတဲ့သတင်းနဲ့ မန္တလေးမြို့အတွင်း မူးယစ်ဆေးဝါးတင်ပို့ရောင်းချသူတွေကို မန္တလေးမြို့အတွင်းမှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိရာမှာ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တိကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းကျေးသီးမြို့နေ စိုးဝင်း နဲ့ အဖွဲ့တွေဟာ ကျေးသီးမှ တဆင့် မန္တလေးမြို့သို့ ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများကို ပို့ဆောင်ပေးမှုနဲ့ သိုလှောင်မှုတွေကို စီမံခန့်ခွဲကာ မန္တလေးမြို့တွင်း နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းသို့ ပို့ဆောင်ရောင်းချခဲ့တယ်ဆိုပါတယ်။
ကလေးမြို့မှ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် မိုရေးလ်မြို့ ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်တွေဆီကို မူးယစ်ဆေးဝါးတွေဆက်လက်တင်ပို့ရောင်းချခဲ့ကြသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ပြီးခဲ့တဲ့ ၆ လပတ်အတွင်း မူးယစ်ဆေးဝါး ကျပ် ၁၂၇.၉၇၈ ဘီယီယံအထိ ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။