မရပ်မနားဖြစ်ပွားနေတဲ့ မြန်မာ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ သုံးသန်းခွဲနီးပါးရှိလာ

======
၄ နှစ်နီးပါးရှိလာပြီဖြစ်တဲ့ မြန်မာ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေ တိုးလာနေပြီး ကုလသမဂ္ဂရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ လူဦးရေ ၃.၄ သန်းအထိရှိလာပြီလို့ဆိုပါတယ်။

မရပ်မနားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပါအဝင် ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေသလို လူသားချင်းစာနာမှုအကြပ်အတည်းဟာလည်း ဆိုးရွားနေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပြင်းထန်လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ တိုက်ပွဲဒဏ်ကို ခံစားနေကြရတာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့အစီရင်ခံစာအရ စစ်ကိုင်းတိုင်းဟာ စစ်ဘေးတိမ်းရှောင်သူ ၁.၂ သန်းကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ ခုနှစ်မှာ မြို့နယ် ၃ ခုခန့်သာ တိုက်ပွဲမဖြစ်ပွားသေးဘဲ ၃၄ ခုမှာ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၄ အခုချိန်အထိ တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

ကုလရဲ့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းတို့ဟာ ဒုတိယ နဲ့ တတိယအများဆုံးလည်းဖြစ်ပါတယ်။

နှစ်ကုန်ပိုင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုန့်ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေဟာ ၃၄ ရာခိုင်နှုန်းသာသာပဲရရှိတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အရေးပေါ်အကူအညီတွေပေးဖို့ အများကြီးထိခိုက်စေတယ်လို့ ကုလက ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေက ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီမှုတစ်ခုကို ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ထုတ်ဖော်ပြာဆိုထားပေမယ့် လက်ရှိအချိန်ထိပဋိပက္ခချုပ်ငြိမ်းနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *