ဇူလိုင် ၂၄ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ စုစည်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို အမည်မသိရတဲ့ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် မိုင်းနောင်ကျေးရွာနှင့် တစ်မိုင်အကွာ မြွေတောင်သွားတဲ့ လမ်းမှာ အသက် ၃၀ ဝန်းကျင်အရွယ် မလဇိန်ရွယ်ဘူကို အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးပြီး ဆိုင်ကယ်ကို လုယက်ခဲ့တယ်လို့ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
“ သူက သူ့အမေကို တောင်ယာအပြန်သွားကြိုတာတာ အဲ့ကြိုတဲ့အခါမှာ ဓားထိုးခံရပြီးတော့ ဆိုင်ကယ်လုခံလိုက်ရတာ၊ ဒဏ်ရာက နှစ်ချက်ရတယ် ညာဘက်လက်မောင်းမှာတစ်ချက်၊ ဘယ်ဘက်က နို့အောက်နားမှာတစ်ချက်ပေါ့” လို့ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
ဒဏ်ရာဖြင့် လဲနေတဲ့ မလဇိန်ရွယ်ဘူ ကို တောင်ယာပြန်သူတွေက ခေါ်ဆောင်ခဲ့ပြီး မိုင်းနောင်တိုက်နယ်ဆေးခန်းမှ တဆင့် နန့်မွန်းမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ဇူလိုင်လ ၂၄ ရက်နေ့အထိ သူမဟာ သတိပြန်မလည်သေးဘူးလို့ သိရပါတယ်။
မိုင်းနောင်ကျေးရွာတွင် ဓားထိုးမှုဖြစ်စဉ်တွေက မကြာခဏဖြစ်ပွားပေမယ့် အမျိုးသမီးတစ်ဦးကို ဓားထိုးပြီး ဆိုင်ကယ်လုယက်မှုက အခုဖြစ်စဉ်က ပထမဆုံးလည်းဖြစ်ပါတယ်။