မိုးကုတ်မြို့မှ စစ်ဘေးတိမ်းရှောင်ဖို့ ကားခ တစ်ဦး ကျပ်ရှစ်သိန်း အထိမြင့်တက်လာနေ

နိုဝင်ဘာ ၅ ၊ မိုးကုတ် 

TNLA က တပ်ပြန်ဆုတ်မယ့် မိုးကုတ်မြို့မှာ စစ်ဘေးတိမ်းရှောင်ဖို့အတွက်ကားလက်မှတ်ခတွေဟာ တစ်ဦးကို ကျပ် ရှစ်သိန်းအထိဒီနေ့မှာ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးကုတ်မြို့ကို TNLA က တပ်ပြန်ဆုတ်မှာဖြစ်ပေမယ့်  PDF များက ဆက်လက်ကာကွယ်သွားမယ်လို့ ကြေညာထားပြီး တိုက်ပွဲတွေပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်ကြတဲ့အတွက် စစ်ဘေးတိမ်းရှောင်ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

ကားခတွေ စျေးမြင့်တက်နေပမယ့်လည်း  တစ်ရက်ကို ကားအစီးရေ ၂၀ ကျော် မိုးကုတ်ကနေ ထွက်ခွာနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

အခု ဒီနေ့ကားလက်မှတ်ခပေါက်စျေးက တစ်ယောက်ကို ရှစ်သိန်းရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေပဲ စစ်ရှောင်လို့ရတာ၊ မရှိရင်မလွယ်ဘူး။ တစ်ရက်ကို အခုကြည့်နေတာ ကားအစီး ၂၀ ကျော်လောက် ထွက်နေတယ်။ ဂိတ်ဖွင့်တဲ့အချိန်ကစလို့ သူတို့က အစောကြီးထွက်ကြတာ” လို့ ယာဉ်လိုင်းတွေနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။ 

မိုးကုတ်-မိုးမိတ်လမ်းပိုင်း အဲ့ဒီကနေတဆင့် တကောင်း၊ကြာညှပ်မှတဆင့် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကနေ မန္တလေးကို စစ်ဘေးရှောင်ကြတာပါ။ 

မိုးကုတ်မှာ တိုက်ပွဲကြီးမားလာနိုင်တဲ့ စိုးရိမ်မှုတွေကြောင့် ဒေသခံစစ်ရှောင်တွေအပြင် ဒေသခံလုပ်ငန်းတချို့ပိတ်သိမ်းပြီး ထွက်ခွာမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့သိမ်းတိုက်ပွဲကို TNLA နဲ့အတူ ပါဝင်ခဲ့တဲ့  မိုးကုတ်ဗျူဟာအပါအဝင် PDF တပ်တွေဟာ အင်အားတိုးချဲ့ထားပြီး TNLA က မြို့ထဲကတပ်ဆုတ်မယ့်အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ PDF တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“ အခုကတော့ ကလေးတွေ (PDF) တွေလည်းအင်အားတွေအများကြီးဖြည့်ထားတယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမားဖြစ်မယ့်ပုံပဲ။  ပလောင်(TNLA) ကတော့ မဆုတ်သေးဘူး။ အေးအေးဆေးဆေးလေးရှိသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့ကနေ စစ်ဘေးမတိမ်းရှောင်သူတချို့ကလည်း TNLA က တပ်ပြန်ဆုတ်မယ့် အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာမယ့်အခြေအနေမှသာ တိမ်းရှောင်ကြမယ်လို့ သိရှိရပါတယ်။ 

မိုးကုတ်မြို့ကို ဝင်ရောက်မယ့် လမ်းပိုင်းတွေထဲက  မိုးကုတ်-မန္တလေးလမ်းပိုင်းက ဖော့တောလမ်းဆုံ ၊ မိုးကုတ်-ပြင်ဦးလွင် လမ်းပိုင်းက ဒိုးပင်ကျေးရွာ နဲ့ မိုးကုတ်-ကျောက်မဲလမ်းပိုင်းက မိုင်းတင်းကျေးရွာတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *