မိုးကုတ်မြို့ရှိ  စစ်ကောင်စီတပ်စခန်း(၅)ခုကို  TNLA+PDFတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

ဇူလိုင် ၁၉ ၊ မိုးကုတ် 

 ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းရဲ့    (၂၄)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ(၁၈)ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်း(၅)ခုနဲ့အတူ လက်နက်ခဲယမ်းတစ်ချို့တို့ကို TNLA +PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    စခန်း(၅)ခုက ရေကန်တောင်စခန်း၊တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်း၊ ဖောင်တော်ဦးအနီးရှိစခန်းတို့ဖြစ်ပြီး  နံနက်ပိုင်း(၁၀)နာရီကျော်အချိန်တွင်လည်း  လေးမျက်နှာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တို့နဲ့ တိုက်ပွဲပြင်းထန်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။ 

     ဒါ့အပြင် ရေကန်တောင်နဲ့ ပန်းမရွာထိပ်အနီးတစ်ဝိုက်တွေမှာလည်း တအာင်းတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့ကို စစ်ကောင်စီတပ် လပခ/ခမရ (၇၁၊၈၈)စစ်ကောင်စီတပ်ဖွဲ့များဘက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

 တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ အရပ်သားထိခိုက်သေဆုံးသူ ၁၀ ဦးအထိရှိလာပြီး စစ်ဗျူဟာကုန်းနဲ့ နီးတဲ့ရပ်ကွက်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ ရပ်ကွက်အနီးတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

 မိုးကုတ်မြို့နယ်အတွင်းက အနောက်ပိုင်း (ကျပ်ပြင်) ကို ပြီးခဲ့တဲ့ ဇူလိုင်လအစမှာ TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး အရှေ့ပိုင်းရှိ စစ်ကောင်စီ ဗျူဟာကို ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ 

 ရက်ပေါင်း ၂၀ ကျော်လာတဲ့ တိုက်ပွဲကြောင့် မိုးကုတ်မြို့နယ်အတွင်းမှာ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီ ပြတ်လပ်နေသလို ဖုန်းလိုင်းအားလုံးလည်း ပြတ်တောက်နေဆဲဖြစ်ပါတယ်။ 

    မနေ့က ဇူလိုင်လ ၁၈ ရက်နေ့   ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲတိုးဂိတ် ၊အေးရှာဝေါးအနီးဝန်းကျင်နဲ့  စစ်ကောင်စီတပ်ခမရ(၅၀၁၊၅၀၂) စခန်းအနီးတွင်လည်း    TNLAနဲ့  စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါသေးတယ်။ 

   ပြီးတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲခရိုင်အတွင်းက သဲခေါ်ရွာကို ဒရုန်းဗုံး(၁၈)လုံး၊ Jet ဖိုက်တာဖြင့်(၆)ကြိမ်၊  ကျွဲကုန်းကျေးရွာအနီးကို ဗုံး(၄၈)လုံးအပြင် မိုးမိတ်မြို့နယ် တောင်ကိုင်းကျေးရွာကို ဒရုန်းဗုံး(၂)လုံး စစ်ကောင်စီဘက်မှ လာရောက်ကြဲချပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *