ဇန်နဝါရီ ၈ ၊ မိုးကုတ်
တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မန္တလေး PDF တို့တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လည်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်း နှင့် အနီးတဝိုက်ရပ်ကွက်တွေဆီကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မိုးကုတ်မြို့မှာ ဗုံးကြဲမှုတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဂေါက်ကွင်းနေရာဟာ ရှမ်းပြည်နယ်ကနေ လာတဲ့ တရုတ်ဘာသာစကားသာပြောဆိုတဲ့ လုပ်ငန်းရှင်များကို TNLA က ကျောက်မျက်တူးဖော်ခွင့်ပေးထားတဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ မိုးကုတ်ဂေါက်ကွင်းအကြောင်းအကျယ်တဝင့်ဖော်ပြနေကြပါတယ်။
မိုးကုတ်မြို့မှာအခုတစ်ကြိမ် ဗုံးကြဲမှုက ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်သုံးဆယ်ကျော်ထိခိုက်ပျက်စီးခဲ့ပြီး ၉ ဦးသေဆုံးခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။