“မိုးကောင်းမြို့တွင် နမ့်ကောင်းချောင်းရေ စိုးရိမ်ရေအမှတ်ထက်ကျော်ပြီး ရေဝင်ရောက်မှုရှိလာနေ “

ဇူလိုင် ၃ ၊ မိုးကောင်း

မိုးကောင်းမြို့ကို ဖြတ်စီးနေတဲ့ နန့်ကောင်းချောင်းရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး မြို့အတွင်းက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

“ အခုက ချောင်းရေတက်ပြီးမှ မြို့ပေါ်ရေကြီးတာမျိုးလေ ခုထိတော့ မစိုးရိမ်ရေသေးဘူး တနိုင်းချောင်းရေတက်ရင်တော့ နမ့်ကောင်းချောင်းရေလည်းတက်တယ် မိုးညှင်းမိုးများရင်တော့ နမ့်ယင်းချောင်းရေတက်တယ်လေ မိုးကောင်းကအဲ့ချောင်းနှစ်ခုဆုံတယ်ဆိုတော့ နည်းနည်းတော့စိုးရိမ်ရတာပေါ့” လို့ မိုးကောင်းမြို့ပေါ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ နမ့်ကောင်းချောင်းရေဟာ ၆၂၁ စင်တီမီတာအထိရှိလာပြီး စိုးရိမ်ရေအမှတ်ထက် ၂၁ စင်တီမီတာ ( တစ်ပေနီးပါး) မြင့်တက်လာတယ်လို့ မိုးလေဝသနှင့်ဇလဗေဒက ထုတ်ပြန်ထားပါတယ်။

မိုးကောင်းမြို့နယ်အတွင်းက နမ့်ကောင်းချောင်းအနီးနေထိုင်တဲ့ နေရာတွေမှာ ယမန်နေ့ကတည်းက ရေဝင်ရောက်နေတာဖြစ်ပြီး မြို့ပေါ်က ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

“ ချောင်းဘေးတွေတော့ ဝင်တာပေါ့လေ ကမ်းဘေးရွာတွေ အရမ်းတိုးတာမျိုးတော့မဟုတ်ဘူး ၊ မြို့ဉီးဘက်ကတော့ အင်းရေပြည့်တာ အောက်ချိုင့်ကတော့နစ်တိုင်း ဝင်နေကျဘဲ ၊လက်ရှိဝင်နေတဲ့နေရာက မြို့ဉီး အလယ်အောက်ချိုင့်ရယ် ၊အရှေ့အောက်ချိုင့် ရယ် အောက်ရှမ်းစုရယ် ကျွန်းတော အောက်ခြမ်း နှိမ့်တဲ့အိမ့်တွေအကုန်ရောက်တယ်” လို့ မိုးကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ”

ဇူလိုင်လကုန်ကစပြီး ကချင်ပြည်နယ် နေရာအနှံ့မှာ မိုးသည်းထန်စွာရွာပြီး ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မြစ်ကြီးနား ၊ ဝိုင်းမော် ၊ ဗန်းမော် စတဲ့မြို့တွေမှာ ရေနစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *