ဇူလိုင် ၁၅ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် စည်ပင်သာယာရုံးမှာ ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းက ခေါက်ဆွဲချိုင့်ထဲကနေ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ ထမင်းလိုလိုခေါက်ဆွဲလိုလို လာပို့တာဆိုပြီးယူထားလိုက်တာ ၊ ထမင်းစားခါနီးသွားဖွင့်ကြည့်တော့ မိုင်းဖြစ်နေတော့ တစ်ယောက်က အဆောက်အဦးအပြင်ဘက်ကို ချိုင့်ကိုပစ်လိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ရုံးအတွင်းက ဝန်ထမ်းတွေ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။
ဖောက်ခွဲမှုမှာ စည်ပင်သာယာရုံးသို့ လာပို့တဲ့ ကြက်ပေါင်းခေါက်ဆွဲချိုင့်အတွင်း မိုင်းထည့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း UG Black K အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီ စည်ပင်ရုံး ဝန်ထမ်းများတွေက ပြည်သူများထံမှ ငွေကြေးများအတင်းအကျပ် ကောက်ခံနေသဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုပါတယ်။
မိုးကောင်းမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း စည်ပင်သာယာစျေးအနီး မီးပွိုင့်မှာ မိုင်းထောင်ထားတဲ့ မိုင်းပေါက်ကွဲမှုကြောင့် ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်မှုတွေကြောင့် မိုးကောင်းမြို့အတွင်း နေ့ည စစ်ဆေးရေးတင်းကြပ်နေပြီး ယခင်ကထက် ပိုစစ်ဆေးတယ်လို့ ဆိုပါတယ်။
“ မိုးကောင်းတံတားနားဆိုရင် ခါတိုင်း ဒီလို ဆိုင်ကယ်ဒူးပေါက်ပဲ ဖွင့်စစ်တာ ၊အခုက ပိုက်ဆံအိတ်တွေကအစ ဖွင့်စစ်တာ ၊ ယောကျာ်းလေးတွေဆိုလည်း အိပ်ထောင်ထဲထိ နှိုက်စစ်တာလို့ “ ကြုံခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။