


မေ ၃၀ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းမှာ လေးရက်ဆက် မိုးရွာသွန်းမှုနေမှုကြောင့် ဗျူဟာလမ်းပိုင်းတချို့နဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေ ပျက်စီးမှုတွေဖြစ်လာနေပြီး သွားလာလို့မရတဲ့အခြေအနေတွေရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟုမ္မလင်း-ခန္တီး မြို့နယ်ချင်းဆက်လမ်းပိုင်းတချို့မှာ မိုးရွာသွန်းမှုတွေကြောင့် ရွံံနွံတွေကြောင့် မေလ ၃၀ ရက်နေ့မှာ သွားလာလို့မရတဲ့အခြေအနေတစ်ရပ်လို့ ဒေသခံတွေကဆိုပါတယ်။
“ ကောယား-မောင်းခမ်းသွားတဲ့လမ်းပိုင်းတွေကတော့ ပျက်စီးမှာပဲ အခုက မိုးတွေအရမ်းရွာတော့ ။ သူတို့က မြေသားလမ်းဖြစ်တဲ့အတွက်ကြောင့်မို့လေ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းပိုင်းတွေဟာ မြေသားလမ်းအဓိကဖြစ်တာကြောင့် မိုးသည်းထန်ရင် သွားလာလို့မရနိုင်တဲ့အခြေအနေတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဟုမ္မလင်းမြို့နယ်အတွင်းက ချင်းတွင်းမြစ် ၊ ဥရုမြစ် နဲ့ တခြားချောင်းငယ်တွေလည်း ချောင်းရေများ ရုတ်တရက် မြင့်တက်လာနေပြီး နောက်ထပ် မိုးရွာသွန်းနေမယ်ဆိုရင် ရေကြီးရေလျှံလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ မိုးဆက်ပြီး နှစ်ရက်လောက်ဆက်ရွာမယ်ဆိုရင် ကမ်းလျှံနိုင်တယ်။ မိုးကအခုထိ မရပ်သေးဘူး။ အမှိုက်တွေ သိုက်တွေမျှောနေတယ်။ ရေကတက်နေတုန်း မြန်တာတော့ အရမ်းမြန်တယ်“ လို့ ဥရုချောင်းရေတက်နေမှုကို ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူတွေကလည်း အခုရက်ပိုင်းအတွင်း ဟုမ္မလင်းအပါအဝင် အထက်ပိုင်းဒေသမှာ မိုးအလွန်သည်းနိုင်ပြီး မြစ်ရေတွေ ရုတ်တရက်တက်နိုင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နေပြီး ကုန်းတွင်းပိုင်းကို ရွေ့လျားနေကာ မြန်မာနိုင်ငံအနှံ့မှာ မိုးကြီးနိုင်တယ်လို့ မေလ ၃၀ ရက်နေ့ မနက်မှာ မိုးလေဝသနဲ့ဇလဗေဒသက အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး မိုးသည်းထန်မှုတွေနဲ့အတူ ရေကြီးတာ ၊ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
