မိုးညှင်းဒေသခံ​တစ်ဦး လူကုန်ကူးမှုဖြင့် တရုတ်-မြန်မာနယ်စပ် မူဆယ်တွင် ဖမ်းဆီးထောင်ချခံရ

စက်တင်ဘာ ၂၀ ၊ မိုးညှင်း 

ပြန်လည်တည်းဖြတ်ထားခြင်းဖြစ်သည်။ 

မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ   မကေသီစိုး(ခ)ချီချီ  ဆိုသူဟာ  တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံရကာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

နိုင်ငံပိုင်သတင်းစာရဲ့ ဖော်ပြမှုအရ  ရှမ်းပြည်နယ် သီပေါမြို့နယ်သူ အသက် (၁၈) အရွယ်ရှိတဲ့ မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူရမည့်အလုပ်လုပ်ပါက ယွမ်ငွေ (၁၅၀၀၀) ရရှိမည်ဟု  ပြောဆိုစည်းရုံးကာ ငွေကြေးအမြတ်ထုတ် ရောင်းစားခဲ့တယ်လို့ဆိုပါတယ်။

မူဆယ်မြို့မ ရဲစခန်းကအမှုဖွင့်ဆိုထားရာ  စက်တင်ဘာလ (၁၈) ရက်နေ့မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅)ဖြင့် မကေသီစိုး(ခ) ချီချီကို အလုပ်နှင်ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း စက်တင်ဘာလ ၂၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာစဉ်မှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ အရေးယူခဲ့သူ အမှုတွေ ၆၄ မှု  လူပေါင်း ၁၁၁ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အိမ်နီးချင်းနိုင်ငံနှင့်အရှေ့အာရှအလယ်ပိုင်းသို့ အလုပ်အကိုင်ရရှိမယ်လို့ မက်လုံးပေးစည်းရုံးနေသူများကို ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေဖြင့် အမျိုးသမီး (၂၀၉)ဦးနှင့် အမျိုးသား ၁၇၄ ဦး စုစုပေါင်း ၃၈၃ ဦးကို  စစ်ကောင်စီက အရေးယူထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏၂ဝ၁၈ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်သည့် လူကုန်ကူးမှုတားဆီးရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က အဆင့် (၂) တွင် ထည့်သွင်းထားခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အဆိုးရွားဆုံး အဆင့် (၃) အဖြစ် လျှော့ချသတ်မှတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှု၏ ၇၅ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ ရောင်းချခံခဲ့ရတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *