ဖေဖော်ဝါရီ ၂၀ ၊ မိုးညှင်း
မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်က ဆိုင်ကယ်ပြင်ဆရာ စိုင်းစောလင်းအောင် နှင့် နမ္မားမြို့က ဦးတင်ညွှန့်ကို သတ်ဖြတ်သွားသည့် တရားခံပုံ ဆိုတဲ့ ဆိုင်းဘုတ်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်ထောင်ခဲ့တယ်လို့သိရပါတယ်။
“ နမ္မားမြို့ ရာအိမ်မှူး ဦးတင်ညွှန့် နဲ့ မိုးညှင်းမြို့ ဆိုင်ကယ်ပြင်တဲ့ စိုင်းစောလင်းအောင်တို့ကို သတ်သွားတဲ့တရားခံ ဆိုတဲ့ ဆိုင်းဘုတ်ကို မြဝတီဘဏ်နားမှာ ထောင်ထားတာ”လို့ ဆိုင်းဘုတ်ကိုတွေ့ရှိခဲ့တဲ့ မိုးညှင်းဒေသခံတစ်ဦးက ပြောပြပါတယ်။
ထောင်ထားတဲ့ ဆိုင်းဘုတ်မှာ KPDF ပျောက်ကျားဝတ်စုံဝင်ဆင်ထားတဲ့ အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး အမည်ဖော်ပြထားခြင်းမရှိပါဘူး။
ဦးတင်ညွှန့်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ နမ္မားမြို့ရှိ လက်ဖက်ရည်ဆိုင်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာလည်းဖြစ်ပါတယ်။
သတ်ဖြတ်ခံရတဲ့ ဦးတင်ညွှန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ် (၇) နေရာမှာ ရှမ်းနီတိုင်းလျှန် သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်းဖြစ်ပါတယ်။
ဆိုင်ကယ်ပြင်ဆရာ စိုင်းစောလင်းအောင် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ညနေပိုင်းမှာ မိုးညှင်းမြို့ အ.ထ.က (၃) ကျောင်းအနီးမှာ ဆိုင်ကယ်စီးလာစဉ် လူငယ်နှစ်ဦးရဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။