ဇူလိုင် ၁၄ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ ဇူလိုင်လ ၁၀ ရက်နေ့ညနေအချိန်က မန္တလေးကနေ မိုးညှင်းဘက်ကို မောင်းနှင်လာတဲ့ ၁၂ ဘီးကားပေါ်မှာ ထိန်းချုပ်ထားတဲ့ အမိုနီယမ်နိုက်ထရိတ်တွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးရဲတပ်ဖွဲ့က ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ အမိုနီယမ်နိုက်ထရိတ်တွေက ၁၇၆၀ ကီလိုဂရမ်ရှိပြီး ဒေသပေါက်စျေး ဆယ့်ခုနှစ်သိန်းရှိတယ်လို့ ဆိုပါတယ်။
ဒီလိုကန့်သတ်ထား အမိုနီယမ်နိုက်ထရိတ်တင်ဆောင်လာသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေတွေနဲ့ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။
အမိုနီယမ်နိုက်ထရိတ်က ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာအသုံးပြုသလို ဒီအမိုနီယမ်နိုက်ထရိတ်တွေကို ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွေမှာ ကျောက်တောင်ကမ်းပါးတွေ ဖြိုခွဲတဲ့အခါ အသုံးပြုတာလည်းဖြစ်ပါတယ်။
ဒီအမိုနီယမ်နိုက်ထရိတ်တွေကို ခွင့်ပြုချက်တွေနဲ့သာ သယ်ယူခွင့်ပြုထားပြီး ၂၀၁၈ ခုနှစ်က ပြဌာန်းထားတဲ့ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းဆိုင်ရာဥပဒေအရ ဒီလိုတရားမဝင်သယ်ဆောင်မယ်ဆို ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ အပြင် ကျပ်သိန်း ၃၀ ထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်နိုင်တယ်လို့ဆိုထားပါတယ်။
ယခင်ကာလတွေက ဒီအမိုနီယမ်နိုက်ထရိတ်သယ်ယူမှုတွေကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူတာလည်းဖြစ်ပါတယ်။