စက်တင်ဘာ ၁၈ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်းမှာ ဘိန်းအစားထိုး မက်သာဒုန်းဆေးသောက်သုံးနေသူ လူဦးရေ ထောင့်ငါးရာကျော်ရှိနေတယ်လို့ ကျန်းမာရေးဌာနရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
မိုးညှင်းမြို့ပေါ် ကုတင်တစ်ရာဆေးရုံမှာ လူ ၇၀၀ ဦး ၊ အင်းတော်ကြီးဒေသ နန့်မွန်းဆေးရုံမှာ ၇၀၀ ဦး ၊ ဟိုပင်ပြည်သူ့ကျေးရုံမှာ ၆၀၀ ဦး နှင့် နမ္မားမြို့မှာ ၂၀၀ ဦး ရှိကြောင်း သိရပါတယ်။
“ ဖိုးဖြတ်နေတာက မိုးညှင်းမှာက ၇၀၀ လောက်ရှိတယ်။ နန့်မွန်းမှာကလည်း ၇၀၀ လောက်ရှိတယ်။ နောက်တစ်ခါက ဟိုပင်မှာက ၆၀၀ ၊ နမ္မားမှာက ၂၀၀ လောက်ရှိတယ် မက်သာဒုန်းသောက်တဲ့အဖွဲ့တွေပေါ့ ” လို့ မိုးညှင်းရပ်မရပ်ဖ တစ်ဦးက ပြောပြပါတယ်။
မူးယစ်ဆေးဝါးဖြစ်တဲ့ ဘိန်းဖြတ်ဖို့နဲ့ လျော့ချဖို့အတွက် မက်သာဒုန်းကို ကျန်းမာရေးဌာနကနေ တိုက်ကျွေးနေတာလည်းဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ ကျေးရွာအများစုမှာ အခုလိုမက်သာဒုန်းသောက်နေရသူတွေရှိနေပြီး မူလရည်ရွယ်ချက်ဖြစ်တဲ့ ဘိန်းဖြတ်ရေးနှင့် လျော့ချရေးအတွက်လည်း ထိရောက်မှုလုံးဝမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ မက်သာဒုန်းက ဖြတ်တာမဟုတ်ဘူးလေ၊ လျော့ချတာလေ၊ အခုက သွားတာပဲ အဲ့တာ(မက်သာဒုန်း) သောက်ပြီးရင်လည်း ပြန်လာတုတ်ကြတာပါ့၊ မက်သာဒုန်းလည်းသောက်တယ်။ ဖိုးလည်းလာသုံးတယ်။ဘာမှလည်းမထူးဘူး” လို့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသခံ တစ်ဦးက ပြောပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သုံးစွဲသူတွေမြင့်တက်လာပေမယ့်လည်း ဖမ်းဆီးအရေးယူတာတွေလုံးဝမရှိသလို ရောင်းဝယ်သူတွေကိုလည်း ဖမ်းဆီးပြီး ပြန်လွှတ်ပေးမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။
ပြီးခဲဲ့တဲ့ ဩဂုတ်လတစ်လအတွင်းမှာပဲ မိုးညှင်းမြို့နယ်မှာ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း နှစ်ထောင့်ရှစ်ရာကျော်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။