မိုးညှင်းမြို့နားခါအုပ်ချုပ်ရေးမှူးရုံးဗုံးပစ်ခံရ

မတ် ၂၂ ၊​ မိုးညှင်း 

မိုးညှင်းမြို့ နားခါအုပ်ချုပ်ရေးမှူးရုံးကို အမည်မသိိလူနှစ်ယောက်က မတ်လ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်မှာ လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်ခဲ့တယ်လို့ အုပ်ချုပ်ရေးနှင့်နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“ လူကတော့ မထိဘူး၊ တံခါးပေါက်ပွင့်သွားတာ။ အသွင်းထဲကို ပစ်ပြီးတော့မှာ ပြေးသွားတာနေမယ် ၊ တံခါးပေါက်ကြီးပဲလုပ်သွားတာ ၊ လေတိုက်နေတုန်းအချိန်လုပ်သွားတာ၊ ဘယ်သူမှလည်းမသွားကြည့်ရသေးဘူး” လို့ အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးကပြောပြပါတယ်။ 

လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရမှုကြောင့် နားခါအုပ်ချုပ်ရေးမှူးရုံး အဝင်တံခါးအောက်ခြေထိခိုက်ပျက်စီးသွားပြီး ပြတင်းပေါက်မှန်တချို့ကွဲအက်သွားတာဖြစ်တယ်လို့ မျက်မြင်ဒေသခံများက ပြောပါတယ်။ 

အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပစ်ပေါက်သွားသူတွေဟာ ဘယ်အဖွဲ့အစည်းက ဖြစ်သလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

မိုးညှင်းမြို့နယ်အတွင်းမှာ စစ်မှုထမ်းမှုဥပဒေကို စတင်အကောင်အထည်ဖော်နေပြီး မြို့အနီးကျေးရွာတွေမှာ စာရင်းကောက်ယူမှုတွေကြောင့် အုပ်ချုပ်ရေးမှူးများ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်းအခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ  မိုးညှင်းမြို့ရှိ အခွန်ဦးစီးရုံး နှင့် စာသင်ကျောင်း နှင့် ဆန်စက်များ ဗုံးခွဲတိုက်ခိုက်ခံရမှုများဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *