မတ် ၇ ၊ မိုးညှင်း
မိုးညှင်းမြို့ပေါ် နမီးစုရပ်ကွက်ရှိ မိုးညှင်းမြို့မရဲစခန်းကို မတ်လ (၅) ရက်နေ့ မနက်၅နာရီအချိန်မှာ မိုးညှင်းမြို့တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တချို့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရူံးမှုတစ်စုံတစ်ရာ မရှိကြောင်း ရဲစခန်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။
“ အမတို့လည်းမနက်(၅)နာရီလောက်က ဒိန်းခနဲ ဒိုင်းခနဲ ဒီအတိုင်းပဲ အသံကြားလိုက်တာပဲရှိတာ ဒီမနက်ကြည့်တဲ့ခါကျတော့ ဘာမှကိုမတွေ့ထားဘူး ရုံးကပုံမှန်ဖြစ်နေလို့လေ နည်းနည်းထူးဆန်းနေတာ ခါတိုင်းဆို အေ့လိုဖြစ်ရင် ရဲစခန်းကပိတ်ထားပြီလေ ခုကဖွင့်ထားတယ် အသွားအလာလဲပုံမှန်ပဲ မြို့နယ်စခန်းဟုတ်တယ်” လို့သူကပြောပါတယ်။
ပစ်ခတ်မှုခံရပြီးနောက် မနက်ခင်းအချိန်တွင် မြို့နယ်ရဲစခန်းမှာ ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြသည်ဟု ဆိုပါတယ်။
မိုးညှင်းမြို့နယ်ရှိ တော်လှန်ရေးအင်းအားစုများက ၎င်းတို့ပြုလုပ်တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပြီး သတိပေးမှု ပြုလုပ်တာဟုလည်း ဆိုထားပါတယ်။
မိုးညှင်းမြို့ နမီးစုရပ်ကွက် မြို့မအလယ်တန်းကျောင်းခွဲ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း အသံမိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။