မိုးညှင်းမြို့မှာ စက်သုံးဆီစျေးနှုန်းတွေက တစ်လီတာကို ကျပ် ၅၀၀၀ အထိ ဒီနေ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ မြင့်တက်လာခဲ့တယ်လို့ ဝယ်ယူသုံးစွဲသူတွေဆီကနေ သိရပါတယ်။
မိုးညှင်းမြို့ထဲနဲ့ အနီးဝန်းကျင်မှာရှိတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီး အိမ်ဆိုင်တွေမှာ ရောင်းချပေးနေတဲ့ စက်သုံးဆီတွေကိုသာ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
“ ဒီနေ့ BOC ကိုဆီသွားဖြည့်တာ လက်ခါပြခဲ့တယ်။ သူ့မျက်နှာစောင်းလေးမှာရှိတဲ့ ဆိုင်မှာ တစ်လီတာကို ငါးထောင်နဲ့ဝယ်ထည့်ခဲ့ရတယ်။ ဆီကလည်းမသန့်ဘူးထင်တယ်။ ထည့်ပြီးနိုးမရလို့ မြို့ထဲထိတွန်းပြီး ဝပ်ရှော့ဆိုင်ပြလိုက်ရတယ်” လို့ ဒီမနက် စက်သုံးဆီသွားဝယ်ယူရတဲ့ အခြေအနေကို ဒေသခံတစ်ဦးက ပြောပြပါတယ်။
မိုးညှင်းမြို့နယ်မှာ စက်သုံးဆီစျေးနှုန်းတွေကမြင့်တက်နေသလို လိုသလောက်ဝယ်ယူမရတာ ၊ ပြတ်လပ်မှုတွေက ဩဂုတ်လဆန်းပိုင်းကတည်းက ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
ဒီလိုမြင့်တက်မှုကြောင့် မိုးညှင်း-ဟိုပင် (၁၈) မိုင်ခရီးအသွားအပြန်စရိတ်က တစ်သောင်းကျပ်ကျော် ကုန်ကျပြီး ယခင်ထက် သုံးဆနီးပါးမြင့်တက်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မိုးညှင်းမြို့နယ်ထဲက စက်သုံးဆီရောင်းချခွင့် လိုင်စင်ရထားတဲ့ စက်သုံးဆီဆိုင်တချို့ကလည်း တစ်လီတာကို ကျပ်ငါးထောင် နဲ့သာ ရောင်းချနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ထုတ်ပြန်တဲ့ စက်သုံးဆီစျေးနှုန်းတွေကလည်း တစ်လီတာကို ရန်ကုန်မှာ ၂၂၀၀ ကျော်ရှိပြီး နယ်ဘက်မြို့တွေမှာ လည်း သုံးထောင်နီးပါးထိ ရည်ညွှန်းစျေးထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ရုရှားနိုင်ငံကနေ စက်သုံးဆီဝယ်ယူတင်သွင်းထားပြီး လာမယ့်စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့ဆိုထားပါတယ်။