နိုဝင်ဘာ ၁၅ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်များဖြတ်တောက်ခံရပြီးနောက် ဂြိုလ်တု အင်တာနက် Starlink နဲ့သာ ဒေသခံတွေက ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။
နိုဝင်ဘာလ ဒုတိယအပတ်အတွင်းမှာ စစ်ကောင်စီက Starlink စက်တွေကို လိုက်လံသိမ်းဆည်းမယ့် သတင်းများ ဒေသတွင်းမှာ ထွက်လာပြီးတဲ့နောက် အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေ ရပ်နားလာကြတယ်လို့သိရပါတယ်။
“ သိမ်းတာကတော့ ဟိုလိုကြီးစက်ကိုလာသိမ်းတာမဟုတ်သေးဘူး။ စက်ကိုသိမ်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတော့ ၊အင်တာနက်အသုံးပြုလို့ရတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို အကုန်လုံးဖြုတ်သိမ်းလိုက်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုစက်များကို လက်ရှိအချိန်ထိ သိမ်းဆည်းမှုမရှိသေးသော်လည်း စစ်ကောင်စီဘက်က အသိပေးထားတဲ့ သတ်မှတ်ရက်ကျော်လွန်ရင် ဖမ်းဆီးနိုင်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
Starlink အင်တာနက်များဟာ မိုးညှင်းမြို့ပေါ်မှာ အသုံးပြုလို့ရတာ နှစ်လဝန်းကျင်သာရှိပြီး စက်အလုံးရေအနည်းငယ်သာရှိစဉ်က တစ်နာရီ ကျပ်နှစ်သောင်းရှိရာကနေ လက်ရှိ စက်အလုံးရေ ဆယ်နှင့်ချီရှိပြီးနောက် တစ်နာရီ ကျပ်သုံးထောင်အထိ စျေးနှုန်းကျဆင်းသွားပါတယ်။
လက်ရှိ မိုးညှင်းမြို့မှာ ပြည်တွင်းမှာ အသုံးပြုတဲ့ ဖုန်းလိုင်းတွေဟာ ရပ်ကွက်တချို့မှာရရှိနေပြီး အင်တာနက်တွေကိုတော့ လုံးဝပြတ်တောက်နေဆဲလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကစလို မိုးညှင်းမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးနီးပါး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများပြတ်
တောက်ခဲ့ကာ ဆက်သွယ်ရေးနဲ့ ကချင်ပြည်နယ်ရဲ့ သွင်းကုန်ထုတ်ကုန် ရပ်လုနီးပါး ဒေသခံများ ကြုံခဲ့ကြရတာလည်းဖြစ်ပါတယ်။
ထိုသို့ပြတ်တောက်မှုတွေ တစ်လကျော်အကြာမှာ မိုးညှင်း ၊ မိုးကောင်း ၊ မြစ်ကြီးနား နဲ့ ဖားကန့်မြို့နယ်တွေက Starlink အင်တာနက်ကို စျေးဆိုင် ၊ လက်ဖက်ရည်ဆိုင် နဲ့ ကျောက်လုပ်ငန်းရုံတွေကနေ စတင်အသုံးပြုခဲ့ကြတာလည်းဖြစ်ပါတယ်။